အသက်အရွယ်တစ်ခုစီမှာ ကွီးတို့ရဲ့ ခန္ဓာကိုယ်နဲ့ ကျန်းမာရေးလိုအပ်ချက်တွေက မတူညီကြပါဘူး။
အသက် ၂၀ ကျော်မှာ မထင်မှတ်ဘဲ ဖြစ်လာနိုင်တဲ့ ဝှေးစေ့ကင်ဆာနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကို သတိထားဖို့လိုပါတယ်။
အသက် ၃၀ ကျော်လာရင် အားကစားဒဏ်ရာနဲ့ အူကျွံခြင်းတွေ ဖြစ်နိုင်ခြေ ပိုများလာနိုင်ပါတယ်။
အသက် ၄၀ ကျော်ချိန်မှာတော့ ဆီးချို၊ အသည်းနဲ့ ကျောက်ကပ်ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။
အသက် ၅၀ ကျော်ရင် ဆီးကျိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ပိုပြီး သတိထားဖို့လိုလာပါတယ်။
အသက် ၆၀ ကျော်လာတဲ့အခါ နှလုံး၊ အရိုးနဲ့ စိတ်ကျန်းမာရေးက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာပါတယ်။
ရောဂါလက္ခဏာတွေ ပေါ်လာမှ ဆေးစစ်တာထက် ကြိုတင်ကာကွယ်ပြီး ပုံမှန်စစ်ဆေးတာက ပိုကောင်းပါတယ်။
ဒါကြောင့် အသက်အရွယ်အလိုက် အမျိုးသားတွေ သတိထားသင့်တဲ့ ကျန်းမာရေးပြဿနာတွေကို ဆက်လက်ဖတ်ရှုကြည့်လိုက်ပါ။
🛑 အသက် ၂၀ ကျော်
✔ ဝှေးစေ့ကင်ဆာ
ဝှေးစေ့မှာ အဖုဖြစ်ခြင်း၊ ရောင်ရမ်းခြင်း၊ လေးလံသလိုခံစားရခြင်း၊ အရွယ်အစားနဲ့ပုံသဏ္ဍာန် ပြောင်းလဲခြင်း၊ နာကျင်ခြင်းနဲ့ ဝှေးအိတ်အတွင်း အရည်စုခြင်းတွေ ဖြစ်လာရင် သတိထားသင့်ပါတယ်။ ဝှေးစေ့ကို ကိုယ်တိုင်ပုံမှန်စစ်ဆေးပြီး အပြောင်းအလဲတစ်ခုခုရှိရင် ဆေးစစ်သင့်ပါတယ်။
✔ လိင်မှတစ်ဆင့်ကူးစက်ရောဂါများ
အသက် ၂၀ ကျော်အရွယ်မှာ လိင်ဆက်ဆံမှုရှိသူတွေဟာ ကလမိုင်ဒီယား၊ ဂိုနိုရီးယားနဲ့ လိင်အင်္ဂါရေယုန်တို့လို ရောဂါတွေကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ ဆီးသွားတဲ့အခါ နာခြင်း၊ လိင်အင်္ဂါက အရည်ထွက်ခြင်း၊ အနာနဲ့ရေကြည်ဖု ဖြစ်ခြင်းတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် လူတချို့မှာ လက္ခဏာမပြဘဲ ရောဂါပိုးရှိနေနိုင်တာကြောင့် စစ်ဆေးမှုက အရေးကြီးပါတယ်။
✔ စိတ်ကျရောဂါ
စိတ်ဓာတ်ကျခြင်း၊ စိတ်မဝင်စားတော့ခြင်း၊ အထီးကျန်သလိုခံစားရခြင်းတွေရှိရင် မိသားစုဝင်၊ ယုံကြည်ရတဲ့မိတ်ဆွေ ဒါမှမဟုတ် စိတ်ကျန်းမာရေးပညာရှင်နဲ့ စကားပြောသင့်ပါတယ်။ စိတ်ကျရောဂါနဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနှုန်းတွေ လူငယ်အမျိုးသားတွေကြားမှာ မြင့်တက်လာနေပါတယ်။
✔ အရေပြားကင်ဆာ
နေရောင်နဲ့ ကြာကြာထိတွေ့တာက အရေပြားကင်ဆာဖြစ်နိုင်ခြေကို မြင့်စေပါတယ်။ နေရောင်ကာလိမ်းဆေးသုံးပြီး အကာအကွယ်ရှိတဲ့အဝတ်အစား ဝတ်သင့်ပါတယ်။ မှဲ့တစ်လုံးက အရောင်၊ အရွယ်အစား၊ ပုံသဏ္ဍာန် ပြောင်းလာခြင်း၊ ယားခြင်း၊ နာခြင်း၊ သွေးထွက်ခြင်းတွေရှိရင် အရေပြားဆရာဝန်နဲ့ ပြသသင့်ပါတယ်။
🛑 အသက် ၃၀ ကျော်
✔ ဒီအရွယ်မှာ အားကစားနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကြောင့် ဒဏ်ရာရနိုင်ပါတယ်။ အထူးသဖြင့် အူကျွံခြင်း ဖြစ်နိုင်ခြေရှိပါတယ်။ အူကျွံခြင်းဆိုတာ အတွင်းအင်္ဂါတစ်ခုက ကြွက်သားအားနည်းတဲ့နေရာကနေ ဖောင်းထွက်လာတာပါ။ အားကစားမလုပ်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ပြီး နည်းစနစ်မှန်မှန် အသုံးပြုသင့်ပါတယ်။
🛑 အသက် ၄၀ ကျော်

✔ အမျိုးအစား ၂ ဆီးချို
သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ ဆီးချိုရောဂါဟာ လက္ခဏာမပြဘဲ ဖြစ်နေနိုင်ပေမယ့် မကုသဘဲထားရင် အခြားကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
✔ အသည်းနဲ့ ကျောက်ကပ်
အရက်သောက်သုံးတဲ့ ရာဇဝင်ရှိသူတွေဟာ အသည်းနဲ့ ကျောက်ကပ်ကျန်းမာရေးကို ပိုဂရုစိုက်သင့်ပါတယ်။ သွေးစစ်ဆေးမှုတွေက လက်ရှိရောဂါတွေကို စောင့်ကြည့်ပေးနိုင်သလို လက္ခဏာမပြသေးတဲ့ ပြဿနာတွေကိုလည်း စောစောရှာဖွေနိုင်ပါတယ်။
✔ အူကျွံခြင်း
အူကျွံခြင်းဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက် ၄၀ ကျော်မှာ ပိုဖြစ်လာနိုင်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းထားပြီး ဝမ်းဗိုက်ကြွက်သား ခိုင်မာစေမယ့် လေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။
🛑 အသက် ၅၀ ကျော်
✔ဒီအရွယ်မှာ ဆီးကျိတ်ကျန်းမာရေးကို အထူးဂရုစိုက်သင့်ပါတယ်။ ဆီးခဏခဏသွားခြင်း၊ ဆီးအားနည်းခြင်း၊ ဆီးသွားရင်နာခြင်း၊ လိင်တံတောင့်တင်းမှု အားနည်းခြင်းနဲ့ ခါးအောက်ပိုင်း၊ တင်ပါး ဒါမှမဟုတ် ပေါင်တွေ နာခြင်းတွေဟာ ဆီးကျိတ်ပြဿနာနဲ့ ဆက်စပ်နိုင်ပါတယ်။
✔ပုံမှန်ဆေးစစ်မှုနဲ့ PSA သွေးစစ်ဆေးမှုက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို အကဲဖြတ်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။
🛑 အသက် ၆၀ ကျော်နဲ့အထက်
✔အသက်ကြီးလာတာနဲ့အမျှ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းလို နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ပိုအဖြစ်များလာနိုင်ပါတယ်။ အစားအသောက်ကို ဂရုစိုက်ပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ကာ စိတ်ဖိစီးမှုကို ထိန်းချုပ်သင့်ပါတယ်။

✔အရိုးပွရောဂါက အမျိုးသားတွေလည်း ဖြစ်နိုင်တာကြောင့် ကယ်လ်စီယမ်နဲ့ ဗီတာမင် D လုံလောက်အောင် စားသုံးပြီး ကိုယ်အလေးချိန်အသုံးပြုရတဲ့ လေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။ အချိန်ကြာကြာ ထိုင်နေတာကိုလည်း လျှော့ချသင့်ပါတယ်။
✔စိတ်ကျန်းမာရေးကလည်း အရေးကြီးပါတယ်။ လူမှုဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းပြီး စိတ်ပိုင်းဆိုင်ရာအခက်အခဲရှိရင် အကူအညီတောင်းသင့်ပါတယ်။ နာတာရှည်ရောဂါနဲ့ ကိုယ်လက်ကိုက်ခဲမှုတွေကို မပေါ့ဆဘဲ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူသင့်ပါတယ်။
✔ကျန်းမာရေးကို ဂရုစိုက်ဖို့ ဘယ်တော့မှ စောလွန်းတာမရှိသလို အပြောင်းအလဲကောင်းတွေ စတင်ဖို့လည်း နောက်ကျလွန်းတာ မရှိပါဘူး။
Ref : pallmallmedical


