အချစ်ရေးတစ်ခုမှာ ကိုယ့်လက်တွဲဖော်က ကိုယ့်ကို တကယ်ချစ်တာလား၊ ဒါမှမဟုတ် အသုံးချနေတာလားဆိုတာ ခွဲခြားရတာ တကယ်ကို ခက်ခဲပါတယ်။
တစ်ခါတလေမှာ လူတွေဟာ အထီးကျန်မှုကို ဖြေဖျောက်ဖို့၊ ငွေကြေးအခက်အခဲ ဖြေရှင်းဖို့ ဒါမှမဟုတ် သူတို့လိုအပ်ချက်တစ်ခုခုကို ဖြည့်ဆည်းဖို့အတွက်ပဲ ဆက်ဆံရေးတစ်ခုကို တည်ဆောက်တတ်ကြပါတယ်။
စိတ်ပညာရှင်တွေကတော့ ဒီလို ကိုယ့်ဘက်ကပဲ အမြဲပေးဆပ်နေရပြီး ပြန်မရတဲ့ ဆက်ဆံရေးမျိုးကို အဆင်ပြေသလို တွဲထားတဲ့ ဆက်ဆံရေး (Convenienceships) လို့ ခေါ်ဝေါ်ကြပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ အချစ်ရေးမှာ အသုံးချခံနေရပြီလားဆိုတာ ဆန်းစစ်နိုင်ဖို့ အဓိက လက္ခဏာ ၁၇ ချက်နဲ့ ဘယ်လိုဖြေရှင်းသင့်လဲဆိုတာကို အကျဉ်းချုပ် ဖော်ပြပေးလိုက်ပါတယ်။

အသုံးချခံနေရကြောင်း ပြသတဲ့ လက္ခဏာ ၁၇ ချက်
၁။ ကိုယ့်အပေါ် စိတ်ဝင်စားမှုမရှိခြင်း - ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ အကြိုက်တွေနဲ့ ထင်မြင်ချက်တွေကို မမေးမြန်းဘဲ အမြဲတမ်း စိတ်မပါသလို ဖြစ်နေပါတယ်။
၂။ နှစ်ယောက်တည်း ဒိတ်မလုပ်ခြင်း - အပြင်သွားတိုင်း သူငယ်ချင်းတွေနဲ့ပဲ သွားလေ့ရှိပြီး ကိုယ့်အတွက် သီးသန့်အချိန်ပေး စကားပြောဖို့ ရှောင်တတ်ပါတယ်။
၃။ လိုချင်တာရှိမှ ကောင်းပြခြင်း - ပုံမှန်အချိန်တွေမှာ အေးစက်နေတတ်ပေမယ့် အကူအညီတောင်းစရာရှိမှ ရုတ်တရက် ကြင်နာပြတတ်ပါတယ်။
၄။ အဆက်အသွယ်ရှာဖို့ အသုံးချခြင်း - ကိုယ်နဲ့ ရုပ်ရှင်ကြည့်ဖို့ စိတ်မဝင်စားပေမယ့် ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့ အလုပ်ပွဲတွေမှာ အဆက်အသွယ်ရှာဖို့ကျတော့ တက်ကြွနေတတ်ပါတယ်။
၅။ လစာကောင်းတဲ့ အလုပ်တွေ လုပ်ဖို့ ဖိအားပေးခြင်း - ကိုယ့်တိုးတက်မှုထက် သူတို့အတွက် အကျိုးရှိမယ့် ဝင်ငွေကောင်းတဲ့ အလုပ်တွေကိုပဲ လုပ်ဖို့ တိုက်တွန်းတတ်ပါတယ်။

၆။ သူနဲ့အတူရှိရင် စိတ်မသက်မသာ ဖြစ်နေခြင်း - သူနဲ့ စကားပြောတဲ့အခါ ဒါမှမဟုတ် အတူရှိနေတဲ့အခါ ကိုယ့်စိတ်ထဲမှာ အလိုလို တင်းကျပ်ပြီး စိတ်မလုံသလို ခံစားရတတ်ပါတယ်။
၇။ ကိုယ့်ရဲ့ စည်းကမ်းဘောင်တွေကို ကျော်လွန်ခြင်း - ကိုယ်မကြိုက်တာကို ငြင်းဆန်တဲ့အခါ နားလည်ပေးမယ့်အစား ဒေါသထွက်ပြီး ကိုယ့်ကို အပြစ်တင်တတ်ပါတယ်။
၈။ ဆက်ဆံရေးက မမျှတခြင်း - ငွေကြေးကုန်ကျခံတာ၊ ဒိတ်စီစဉ်တာနဲ့ အိမ်အလုပ်တွေကအစ ကိုယ့်ဘက်ကပဲ အမြဲတမ်း ပိုလုပ်ပေးနေရပါတယ်။
၉။ အိမ်မှာပဲ အမြဲနေချင်ခြင်း - အပြင်ထွက်လည်တာမျိုး မလုပ်ဘဲ သူတို့အိမ်မှာပဲ အမြဲတွေ့ဖို့ ခေါ်နေတာဟာ ဆက်ဆံရေးကို ရှေ့ဆက်ဖို့ စိတ်မဝင်စားတဲ့ လက္ခဏာ ဖြစ်ပါတယ်။
၁၀။ ဂုဏ်ဖော်ဖို့အတွက်ပဲ ဒိတ်လုပ်ခြင်း - ကိုယ်နဲ့ အချိန်ကုန်ချင်လို့ထက် သူများတွေအမြင်မှာ ချစ်သူရှိကြောင်း ကြွားဝါဖို့အတွက်ပဲ အပြင်ထွက် ဒိတ်လုပ်တတ်ပါတယ်။
၁၁။ ကိုယ့်အချိန်ကို သူပိုင်သလို သဘောထားခြင်း - သူခေါ်တဲ့အချိန် ချက်ချင်းမလာနိုင်ရင် စိတ်ဆိုးတတ်ပေမယ့် ကိုယ်လိုအပ်တဲ့အချိန်ကျတော့ ဖုန်းတောင်မကိုင်တတ်ပါဘူး။
၁၂။ ဆက်ဆံရေးက တိုးတက်မှုမရှိခြင်း - တာဝန်ယူမှုနဲ့ ကတိကဝတ်တွေ မပေးချင်ဘဲ သူတို့လိုချင်တာတွေပဲ ရနေမယ့် အခြေအနေမှာပဲ ရပ်တန့်ထားတတ်ပါတယ်။
၁၃။ အမှားထောက်ပြရင် ကာကွယ်ပြောဆိုခြင်း - မမျှတတာတွေကို ပြောပြတဲ့အခါ တောင်းပန်ပြီး ပြင်ဆင်မယ့်အစား ဒေါသထွက်ပြီး စကားလမ်းကြောင်း ပိတ်ပစ်တတ်ပါတယ်။
၁၄။ စိတ်ထဲမှာ နာကြည်းမှုတွေ ဖြစ်လာခြင်း - အမြဲတမ်း ပေးဆပ်နေရပြီး တန်ဖိုးထားမခံရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ရေခန်းနေတဲ့ ရေတွင်းတစ်တွင်းလို ခံစားလာရပါတယ်။
၁၅။ ပြဿနာတွေကို ဖြေရှင်းဖို့ စိတ်မဝင်စားခြင်း - နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ညှိနှိုင်းဆွေးနွေးဖို့ အချိန်မပေးဘဲ ရှောင်လွှဲနေတတ်ပါတယ်။
၁၆။ အမြဲတမ်း ပင်ပန်းနွမ်းနယ်နေခြင်း - သူတို့ရဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးနေရလို့ ကိုယ်ပိုင်အချိန်နဲ့ သူငယ်ချင်းတွေအတွက် အချိန်မရှိတော့ဘဲ စိတ်ပင်ပန်းနေတတ်ပါတယ်။
၁၇။ လူကွယ်ရာမှာ ပုံစံပြောင်းသွားခြင်း - လူရှေ့မှာ ဆွဲဆောင်မှုရှိပြီး ဖော်ရွေပြတတ်ပေမယ့် နှစ်ယောက်တည်းရှိချိန်မှာတော့ အတ္တကြီးပြီး ရန်လိုတဲ့ပုံစံ ပြောင်းသွားတတ်ပါတယ်။
ဘယ်လိုဖြေရှင်းမလဲ
တကယ်လို့ ဒီလက္ခဏာတွေနဲ့ ကိုက်ညီနေတယ်ဆိုရင် ပထမဆုံးအနေနဲ့ ကိုယ်ခံစားနေရတဲ့ မမျှတမှုတွေကို ပွင့်ပွင့်လင်းလင်းနဲ့ လေးလေးစားစား ဆွေးနွေးပြောဆိုကြည့်သင့်ပါတယ်။ အဲဒီအခါမှာ သူ့ဘက်က တောင်းပန်ပြီး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားလား၊ ဒါမှမဟုတ် ဒေါသထွက်ပြီး ကိုယ့်ကို ပြန်အပြစ်တင်လားဆိုတာ စောင့်ကြည့်ပါ။ တကယ်လို့ သူဟာ ကိုယ့်ကို လှည့်စားအသုံးချနေတာ သေချာသွားပြီဆိုရင်တော့ အချိန်မဆွဲဘဲ အဲဒီဆက်ဆံရေးကနေ ရုန်းထွက်လိုက်တာက အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။
Ref: bustle


