ကိုယ့်ရဲ့ လက်တွဲဖော်အသစ်ဟာ အရမ်းကို ပြီးပြည့်စုံလွန်းနေပေမယ့် သူတို့နဲ့ ချိန်းထားတာ ပျက်သွားတဲ့အခါ စိတ်သက်သာရာရသလို ခံစားနေရပြီဆိုရင် ဒါဟာ သတိထားရမယ့် အချက်ဖြစ်ပါတယ်။
ရှေ့နေနဲ့ အပြုအမူဆိုင်ရာ ကျွမ်းကျင်သူ ဝင်ဒီ ပက်ထရစ် (Wendy Patrick) က လူမှားတွဲမိနေပြီဆိုတာကို ပြသနေတဲ့ အကြီးမားဆုံး လက္ခဏာဟာ သူတို့အနားမှာ ရှိနေချိန် ကိုယ်ဘယ်လိုခံစားရလဲဆိုတဲ့ အချက်ဖြစ်တယ်လို့ Psychology Today မှာ ရေးသားဖော်ပြထားပါတယ်။
တခြားသူတွေအမြင်မှာ ဘယ်လောက်ပဲ ဆွဲဆောင်မှုရှိပြီး ဂရုစိုက်တတ်ပုံပေါ်နေပါစေ၊ သူတို့နဲ့ အတူရှိနေချိန်တိုင်း စိုးရိမ်ပူပန်နေရတာ ဒါမှမဟုတ် သက်သောင့်သက်သာ မရှိတာတွေ ဖြစ်နေရင် အဲဒီဆက်ဆံရေးကို ပြန်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

ချစ်ခင်ကြင်နာမှုတွေဟာ ကိုယ်သဘောမတူထားတဲ့ ဝတ္တရားတွေနဲ့ တွဲပါမလာသင့်ဘူးလို့ ပက်ထရစ်က ထောက်ပြထားပါတယ်။
တွဲတာ နှစ်ပတ်လောက်ပဲ ရှိသေးတဲ့သူတစ်ယောက်ကို မက်ဆေ့ချ်ချက်ချင်း မပြန်မိလို့ အသေးစိတ် ရှင်းပြနေရတာမျိုး မဖြစ်သင့်ပါဘူး။
ဒါ့အပြင် ဈေးကြီးတဲ့ လက်ဆောင်တွေ ပေးပြီး သဘောထားကွဲလွဲမှု အသေးလေးတွေ ဖြစ်တိုင်း အဲဒီလက်ဆောင်တွေအကြောင်း ပြန်ထုတ်ပြောနေတာမျိုးဟာလည်း ကျန်းမာတဲ့ ဆက်ဆံရေး မဟုတ်ပါဘူး။

သုတေသီ ရှာဟီဒါ အာရာဘီ (Shahida Arabi) ရဲ့ လူပေါင်း ၁,၂၉၄ ဦးကို လေ့လာခဲ့တဲ့ စစ်တမ်း တစ်ခုမှာ ဖြေဆိုသူ ၇၉ ရာခိုင်နှုန်းနီးပါးဟာ အတ္တကြီးတဲ့ စရိုက်လက္ခဏာရှိသူတွေဆီကနေ အချစ်တွေ အလွန်အကျွံပေးပြီး ချုပ်ကိုင်တဲ့ Love Bombing ကို ကြုံတွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
တွေ့ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း ချစ်တယ်လို့ ပြောတာ၊ ကိုယ့်ဘက်က သေချာမဆုံးဖြတ်ရသေးခင် လေးနက်တဲ့ ကတိကဝတ်တွေပေးဖို့ ဖိအားပေးတာမျိုးတွေ ပါဝင်ပါတယ်။
ဒါ့အပြင် ၉၀ ရာခိုင်နှုန်းကျော်ကလည်း စိတ်ပိုင်းဆိုင်ရာ လှည့်ဖြားချုပ်ကိုင်တာ (Gaslighting) နဲ့ စကားမပြောဘဲ ဥပေက္ခာပြုတာ (Stonewalling) တွေကို ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

ကိုယ်က တခြားသူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာကို မကြိုက်တာ၊ သူငယ်ချင်းတွေအကြောင်း ပြောတိုင်း မနှစ်မြို့တဲ့ စကားတွေ ပြောတာနဲ့ ခြောက်ပတ်လောက်ပဲ တွဲရသေးချိန်မှာ အတူနေဖို့ အတင်းတိုက်တွန်းတာတွေဟာလည်း သတိပြုရမယ့် အချက်တွေ ဖြစ်ပါတယ်။
လူသစ်တစ်ယောက်နဲ့ စတွဲချိန်မှာ ရင်ခုန်တာနဲ့ အနည်းငယ် စိတ်လှုပ်ရှားတာဟာ ပုံမှန်ဖြစ်ပေမယ့် ကိုယ်ပြောလိုက်တဲ့ စကားအပေါ် သူဘယ်လိုတုံ့ပြန်မလဲလို့ အမြဲတွေးပူနေရပြီး တစ်ယောက်တည်းနေရတဲ့ ညတွေမှာမှ စိတ်သက်သာရာရနေပြီဆိုရင်တော့ အဲဒီဆက်ဆံရေးက ဘာကြောင့် စိတ်ဖိစီးစရာ ဖြစ်နေရလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်ပြီ ဖြစ်ပါတယ်။
Re : vice


