အချစ်ရေးနဲ့ ချိန်းတွေ့မှုတွေမှာ အရက်ကို အမြဲလိုလို အားကိုးနေကျသူတွေအတွက် အရက်ဖြတ်လိုက်တာ ဒါမှမဟုတ် လျှော့သောက်လိုက်တာဟာ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေကို ယူဆောင်လာတတ်ပါတယ်။

စိတ်လွတ်လပ်မှုရဖို့ အရက်အကူအညီ မပါတော့တဲ့အခါ ကိုယ့်ခန္ဓာကိုယ်အပေါ် စိုးရိမ်စိတ်တွေ ပိုလာပြီး အနေရခက်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒါပေမဲ့ အစပိုင်းမှာ အနေရခက်နေတာဟာ တစ်သက်လုံး ဒီလိုပဲ ဖြစ်နေမယ်လို့ မဆိုလိုပါဘူး။ အရက်မပါဘဲ အမှန်တကယ် စစ်မှန်တဲ့ ရင်းနှီးနွေးထွေးမှုနဲ့ ပျော်ရွှင်မှုကို ဘယ်လိုဖန်တီးနိုင်မလဲဆိုတာကို စိတ်ပညာရှင်တွေရဲ့ အကြံပြုချက်တွေကနေ ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

အရက်မပါဘဲ အတူနေတဲ့အခါ ဘာကြောင့် အနေရခက်ရတာလဲ

စိတ်ကုထုံးပညာရှင် Jack Worthy ရဲ့ အဆိုအရ အရက်ဟာ စိတ်ထဲက အဟန့်အတားတွေကို လျှော့ချပေးပြီး ကိုယ့်ကိုယ်ကိုယ် စိုးရိမ်စိတ်နည်းစေသလို စိတ်လှုပ်ရှားမှုကိုလည်း မြှင့်တင်ပေးပါတယ်။ အရက်မပါတော့တဲ့အခါ စိတ်ပျံ့လွင့်လွယ်တာ၊ ရှက်ရွံ့စိတ်ပိုတာတွေ ဖြစ်လာတတ်ပြီး အဆင်မပြေခဲ့ရင်တောင် အရက်ကြောင့်ဆိုပြီး အပြစ်ပုံချစရာ မရှိတော့ဘဲ ကိုယ့်လုပ်ရပ်အပေါ် အပြည့်အဝ တာဝန်ယူရတာကြောင့် အနေရခက်သလို ခံစားရတာ ဖြစ်ပါတယ်။ အရက်နဲ့ အချစ်ရေးကို ပုံမှန်တွဲဖက်လေ့ရှိသူတွေအတွက် အရက်မပါရင် မဖြစ်ဘူးလို့ စိတ်ထဲမှာ စွဲသွားတတ်တာဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။

အရက်မပါဘဲ သက်သောင့်သက်သာ ဖြစ်စေမယ့် အဓိကနည်းလမ်း ၃ ခု

၁။ အရက်မပါတဲ့ သင့်တော်တဲ့ ပတ်ဝန်းကျင်နဲ့ စိတ်အခြေအနေကို ဖန်တီးပါ

အိပ်ရာဝင်ခါနီး မီးပိတ်တာမျိုးလိုပဲ စိတ်ကို အသင့်ဖြစ်စေမယ့် အလေ့အကျင့်တစ်ခုကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။ စိတ်ကုထုံးပညာရှင် Ilona Phillips ကတော့ အလုပ်စိတ်ဖိစီးမှုတွေကနေ ရုန်းထွက်ဖို့ လမ်းလျှောက်ထွက်တာ ဒါမှမဟုတ် ရေချိုးတာမျိုး လုပ်ဆောင်ဖို့ အကြံပြုထားပါတယ်။ ဒါ့အပြင် ကိုယ့်ကို စိတ်သက်သောင့်သက်သာ ဖြစ်စေမယ့် သီချင်းသံ၊ ဖယောင်းတိုင်၊ မီးအလင်းအမှောင်တွေကို ပြင်ဆင်ပြီး အခန်းရှုပ်ပွနေတာလိုမျိုး စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကို ရှင်းထုတ်ထားသင့်ပါတယ်။

၂။ လက်ရှိအချိန်နဲ့ ခံစားချက်အပေါ်မှာပဲ အာရုံစိုက်ပါ

အထူးသဖြင့် အမျိုးသားတွေမှာ ကိုယ့်လက်တွဲဖော် ကျေနပ်အောင် စွမ်းဆောင်ပြရမယ်ဆိုတဲ့ ဖိအား (Performance mindset) ကြောင့် စိုးရိမ်စိတ်တွေ ပိုများတတ်ပါတယ်။ ကိုယ့်ပုံစံ ဘယ်လိုဖြစ်နေမလဲဆိုတာကိုပဲ တွေးပူနေမယ့်အစား လက်ရှိအခိုက်အတန့်မှာ ကိုယ်နဲ့ ကိုယ့်လက်တွဲဖော် နှစ်ဦးစလုံး တကယ်ခံစားနေရတဲ့ ထိတွေ့မှုနဲ့ ပျော်ရွှင်မှုအပေါ်မှာပဲ အာရုံစိုက်သင့်ပါတယ်။ ဒါဟာ တစ်ယောက်တည်း ကြိုးစားပြရမယ့်အရာ မဟုတ်ဘဲ နှစ်ဦးသား အတူတကွ ဖန်တီးရမယ့် စိတ်ခံစားမှုဆိုင်ရာ ရင်းနှီးမှုတစ်ခု ဖြစ်ပါတယ်။

၃။ ပြီးပြည့်စုံမှုကို မမျှော်လင့်ဘဲ သဘာဝအတိုင်း စီးမျောပါ

အစပိုင်းမှာ အနေရခက်တာ၊ တွန့်ဆုတ်တာတွေကို ပုံမှန်အတိုင်းပဲ လက်ခံပြီး အရာရာ ပြီးပြည့်စုံနေရမယ်ဆိုတဲ့ စိတ်ကို လျှော့ချလိုက်ပါ။ အထွတ်အထိပ်ရောက်မှ ဒါမှမဟုတ် အထူးအဆန်းတွေ လုပ်ပြနိုင်မှ ပျော်စရာကောင်းတာ မဟုတ်ဘဲ ရိုးရှင်းတဲ့ ရင်းနှီးနွေးထွေးမှုကလည်း ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ပါတယ်။ အရက်သောက်ထားမှ ကိုယ်လိုချင်တာကို ပွင့်ပွင့်လင်းလင်း ပြောရဲတာမျိုး ဖြစ်နေတယ်ဆိုရင် အိပ်ခန်းပြင်ပက သာမန်အချိန်တွေမှာကတည်းက ကိုယ့်ခံစားချက်နဲ့ လိုအပ်ချက်တွေကို လက်တွဲဖော်နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလေ့ကျင့်ထားသင့်ပါတယ်။

Ref: mensjournal