လူတစ်ယောက်နဲ့ စတွေ့တဲ့အချိန်မှာ ပြင်ပရုပ်ရည်က အရေးပါတယ်ဆိုပေမယ့် တကယ်တမ်း ရေရှည်စွဲဆောင်နိုင်တာကတော့ အတွင်းစိတ်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေပဲ ဖြစ်ပါတယ်။

စိတ်ပညာရှင်တွေရဲ့ အဆိုအရ ပျော်ရွှင်တတ်မှု၊ ကြင်နာတတ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာတွေက လူတိုင်းကို ဆွဲဆောင်နိုင်တဲ့ အချက်တွေပါ။

ဒါပေမယ့် တကယ့်လက်တွေ့မှာ အမျိုးသားတွေက အမျိုးသမီးတစ်ယောက်နဲ့ စတွေ့တဲ့အခါ ဘယ်လိုအချက်တွေကို အရင်ဆုံး သတိထားမိကြသလဲ။

Bustle မီဒီယာက အမျိုးသားတွေကို မေးမြန်းထားတဲ့ စိတ်ဝင်စားစရာ အချက် (၉) ချက်ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

၁။ ဟာသဉာဏ်ရှိမှု

ကိုယ်နဲ့ ဟာသအမြင်ချင်းတူပြီး ပေါ့ပေါ့ပါးပါး ရယ်မောပျော်ရွှင်တတ်တဲ့ အမျိုးသမီးတွေကို အမျိုးသားတွေက ချက်ချင်းသတိထားမိတတ်ကြပါတယ်။

၂။ ငွေကြေးစီမံခန့်ခွဲမှု

ငွေကြေးကိစ္စမှာ စနစ်တကျနဲ့ ထက်မြက်စွာ စီမံခန့်ခွဲတတ်တဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေအတွက် ဆွဲဆောင်မှုရှိပြီး ရေရှည်လက်တွဲဖို့အတွက်လည်း ယုံကြည်စိတ်ချရတယ်လို့ ခံစားရစေပါတယ်။

၃။ စာနာထောက်ထားတတ်မှု

အရေးကြီးတဲ့သူတွေကိုသာမက စားသောက်ဆိုင်က ဝန်ထမ်းတွေလို ကိုယ့်ပတ်ဝန်းကျင်က ဝန်ဆောင်မှုပေးသူတွေအပေါ် ဘယ်လိုဆက်ဆံသလဲ၊ သူများအတွက် ဘယ်လောက်ကူညီပေးတတ်သလဲဆိုတာကို သတိထားကြည့်တတ်ကြပါတယ်။

၄။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု

စကားဝိုင်းမှာ ဖုန်းပဲငုံ့ကြည့်နေတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်ပါဝင်ဆွေးနွေးပြီး စကားစမြည်ကို ဆက်လက်ဦးဆောင်နိုင်တဲ့ ယုံကြည်မှုမျိုးကို သဘောကျကြပါတယ်။

၅။ လူမှုဆက်ဆံရေးကောင်းမွန်မှု

လူအမျိုးမျိုးနဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံနိုင်ပြီး ပတ်ဝန်းကျင်အသစ်တွေမှာ အလွယ်တကူ ဝင်ဆံ့နိုင်တဲ့ ဆွဲဆောင်မှုမျိုးကိုလည်း ချက်ချင်းမြင်တတ်ကြပါတယ်။

၆။ ပွင့်လင်းလွတ်လပ်ပြီး ဟန်ဆောင်မှုကင်းခြင်း

ဘယ်လိုအခြေအနေမျိုးမှာမဆို ဟန်ဆောင်မှုမရှိဘဲ ကိုယ့်ပင်ကိုယ်ပုံစံအတိုင်း ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်တဲ့ သဘာဝကျမှုကို သတိထားမိကြပါတယ်။

၇။ ပြတ်သားစွာ ပြောဆိုရဲမှု

လိုအပ်တဲ့အချိန်မှာ အားမနာတမ်း ပွင့်ပွင့်လင်းလင်းနဲ့ ပြတ်ပြတ်သားသား ပြောဆိုဖြေရှင်းရဲတဲ့ သတ္တိမျိုးကို အမျိုးသားတွေက သဘောကျနှစ်ခြိုက်ကြပါတယ်။

၈။ နှိမ့်ချတတ်မှု

ကိုယ့်မှာရှိတဲ့ အရာတွေ၊ ကိုယ်လုပ်နိုင်တဲ့ အောင်မြင်မှုတွေအပေါ် မာန်မာနမကြီးဘဲ နှိမ့်နှိမ့်ချချ နေထိုင်တတ်တဲ့ စိတ်ထားကိုလည်း တန်ဖိုးထားကြပါတယ်။

၉။ ဉာဏ်ရည်ထက်မြက်မှု

စကားလုံးကြွယ်ဝပြီး ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ရှင်းရှင်းလင်းလင်းနဲ့ ထိထိမိမိ ပြောဆိုနိုင်တဲ့ ဉာဏ်ရည်ထက်မြက်မှုကို ချက်ချင်းသတိထားမိတတ်ကြပါတယ်။

အချုပ်အားဖြင့်ပြောရရင် အမျိုးသားတစ်ဦးချင်းစီရဲ့ တန်ဖိုးထားမှုတွေက မတူညီကြတဲ့အတွက် အမျိုးသမီးတွေအနေနဲ့ သူများအကြိုက်လိုက်ပြီး ကိုယ့်ပင်ကိုယ်စရိုက်ကို ပြောင်းလဲပစ်စရာ မလိုပါဘူး။ ကိုယ့်ရဲ့ ပင်ကိုယ်အလှနဲ့ ကိုယ်ရည်ကိုယ်သွေးတွေအားလုံး စုပေါင်းထားတဲ့ ဖြစ်တည်မှုကသာ အစစ်မှန်ဆုံး ဆွဲဆောင်မှု ဖြစ်ပါတယ်။

Ref: bustle