ကွီးတို့ရဲ့ အိမ်ထောင်ရေးတစ်ခု ပြိုကွဲရခြင်းဟာ ဖောက်ပြန်တာလို ကြီးမားတဲ့ ပြဿနာတွေကြောင့်ချည်းပဲ မဟုတ်ပါဘူး။ နေ့စဉ်ဘဝမှာ သတိမထားမိဘဲ စုပုံလာတတ်တဲ့ အသေးအဖွဲ အပြုအမူလေးတွေကလည်း ဆက်ဆံရေးကို တဖြည်းဖြည်း တိုက်စားသွားတတ်ပါတယ်။
အထူးသဖြင့် တစ်ဦးကိုတစ်ဦး အထင်သေးစက်ဆုပ်တဲ့စိတ်ဟာ ကွာရှင်းပြတ်စဲခြင်းကို ဦးတည်စေတဲ့ အဓိကအကြောင်းရင်း ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
ဒါကြောင့် အချိန်မလွန်ခင် ကြိုတင်သတိပြုနိုင်ဖို့ အိမ်ထောင်ရေးကို တိတ်တဆိတ် ဖျက်ဆီးနေတဲ့ အချက် ၇ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပဋိပက္ခတွေကို ရှောင်လွှဲခြင်း
ပြဿနာဖြစ်မှာစိုးလို့ ရှောင်လွှဲနေတာက ပြဿနာကို ဖြေရှင်းခွင့် မရစေဘဲ မကျေနပ်ချက်တွေကို ပိုပြီး အမြစ်တွယ်စေပါတယ်။ ပြဿနာကို နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းတတ်ဖို့ အရေးကြီးပါတယ်။
၂။ ခံစားချက်တွေကို လျစ်လျူရှုခြင်း
လက်တွဲဖော်ရဲ့ ခံစားချက်ကို အလေးမထားဘဲ ပေါ့ပေါ့တန်တန် တုံ့ပြန်မိတာတွေ ထပ်ခါတလဲလဲ ဖြစ်လာတဲ့အခါ တစ်ဖက်သားက နားလည်မှုမရဘူးလို့ ခံစားလာရပြီး ဆက်ဆံရေး အေးစက်သွားစေပါတယ်။
၃။ မဖြေရှင်းရသေးတဲ့ အတိတ်က စိတ်ဒဏ်ရာတွေ
အတိတ်က စိတ်ဒဏ်ရာတွေကို မကုစားနိုင်သေးတဲ့အခါ လက်ရှိလက်တွဲဖော်အပေါ် သံသယဝင်တာ၊ စိုးရိမ်ပူပန်လွန်တာတွေ ဖြစ်လာပြီး ဆက်ဆံရေးကို မသိမသာ ထိခိုက်စေပါတယ်။

၄။ နာကြည်းချက်တွေ စုပုံလာခြင်း
ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှု အားနည်းတဲ့အခါ နာကြည်းချက်တွေ စုပုံလာတတ်ပါတယ်။ အဲဒီကနေ အတိတ်ကအကြောင်းတွေ ပြန်ဖော်တာ၊ ထေ့ငေါ့ပြောဆိုတာတွေ ဖြစ်လာပြီး လမ်းခွဲခြင်းဆီ ဦးတည်သွားတတ်ပါတယ်။
၅။ ငွေကြေးကိစ္စ လိမ်ညာဖုံးကွယ်ခြင်း
ငွေကြေးပြဿနာဟာ ကွာရှင်းရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ငွေကြေးကို ဖုံးကွယ်သုံးစွဲတာတွေ ပေါ်သွားတဲ့အခါ ယုံကြည်မှု ပျက်ပြားသွားတတ်တာကြောင့် အစကတည်းက ပွင့်လင်းမြင်သာမှု ရှိဖို့ လိုပါတယ်။
၆။ စကားမပြောဘဲ ပိတ်ဆို့တုံ့ပြန်ခြင်း (Stonewalling)
အငြင်းပွားချိန်မှာ ဖြေရှင်းဖို့ မကြိုးစားဘဲ စိတ်ပိုင်းဆိုင်ရာအရ ပိတ်ဆို့ပြီး နှုတ်ဆိတ်နေတာဟာ ပြဿနာကို ဘယ်လိုမှ ပြေလည်စေမှာ မဟုတ်ပါဘူး။
၇။ ပြောင်းလဲသွားခြင်း
အချိန်ကြာလာတာနဲ့အမျှ လူတွေဟာ ပြောင်းလဲတတ်ကြပါတယ်။ နှစ်ဦးသား တူညီတဲ့ ဦးတည်ချက်အတိုင်း အတူတူ မပြောင်းလဲနိုင်တော့တဲ့အခါ သဘောထားကွဲလွဲမှုတွေ ပေါ်လာပြီး ဆက်ဆံရေး မမြဲနိုင်တော့ပါဘူး။
Ref: bustle


