ချစ်သူရည်းစားဖြစ်ပြီဆိုတာနဲ့ အရာရာတိုင်းကို မျှဝေခံစားတတ်ကြတာဟာ သဘာဝပါပဲ။ ဒါပေမဲ့ ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ သီးသန့်နယ်ပယ်လေးတွေကို ဖျက်ဆီးပစ်ဖို့ မဟုတ်ပါဘူး။

တစ်ခါတလေမှာ ကိုယ့်ချစ်သူနဲ့ အရာရာကို အတူတူသုံးစွဲတာက ကျန်းမာရေးအရရော စိတ်ပိုင်းဆိုင်ရာအရပါ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ကျွမ်းကျင်ပညာရှင်တွေ အကြံပြုထားတဲ့ ချစ်သူနဲ့ လုံးဝ မျှဝေမသုံးစွဲသင့်တဲ့ အရာတွေကို လေ့လာကြည့်ရအောင်ပါ။

၁။ စကားဝှက်နဲ့ အီလက်ထရောနစ် ပစ္စည်းတွေ

တစ်ယောက်နဲ့တစ်ယောက် ဖုန်း ဒါမှမဟုတ် ကွန်ပျူတာ စကားဝှက်တွေ ပေးထားဖို့ မလိုပါဘူး။ ဆက်ဆံရေးမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ သီးသန့်ဖြစ်တည်မှုကို လေးစားဖို့ အရေးကြီးပါတယ်။

၂။ ရေချိုးခန်းသုံး အလေ့အထတွေ

ရေချိုးခန်း အတူတူသုံးတာ၊ အိမ်သာတက်နေချိန် စကားပြောတာတွေက ကိုယ့်ရဲ့ သက်တောင့်သက်သာဖြစ်မှု အပေါ်မှာပဲ မူတည်ပါတယ်။ နှစ်ယောက်စလုံး အဆင်ပြေမယ့် အခြေအနေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

၃။ မုတ်ဆိတ်ရိတ်ဓား

မုတ်ဆိတ်ရိတ်ဓားကို အတူတူသုံးရင် ဘက်တီးရီးယားတွေ အပြင် အသည်းရောင် အသားဝါ ဘီပိုးနဲ့ စီပိုးလို သွေးကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ပြန့်ပွားနိုင်ပါတယ်။

၄။ လက်သည်းညှပ်

လက်သည်းညှပ်ကနေတစ်ဆင့် အသည်းရောင် အသားဝါ စီပိုး၊ မှိုနဲ့ ဘက်တီးရီးယား ပိုးမွှားတွေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။

၅။ သူငယ်ချင်းတွေနဲ့ လူမှုရေးဘဝ

ချစ်သူနဲ့ အမြဲတွဲနေတာထက် ကိုယ်ပိုင် သူငယ်ချင်းတွေနဲ့ သီးသန့် အချိန်ဖြုန်းဖို့လည်း လိုအပ်ပါတယ်။ နှစ်ယောက်စလုံးအတွက် မျှတတဲ့ လူမှုရေးဘဝ ရှိဖို့ လိုအပ်ပါတယ်။

၆။ ချွေးတိတ်ဆေး (Antiperspirant)

ဂျိုင်းချွေးနံ့ပျောက်ဆေး (Deodorant) ကို အတူတူသုံးလို့ ရပေမဲ့ ချွေးတိတ်ဆေး (Antiperspirant) ကိုတော့ အတူတူ မသုံးသင့်ပါဘူး။ ဂျိုင်းကနေ ဘက်တီးရီးယားတွေ အလွယ်တကူ ကူးစက်နိုင်လို့ပါ။

၇။ နားကြပ်

နားကြပ်မှာ ကပ်နေတဲ့ နားဖာချေးတွေကနေ ဘက်တီးရီးယားတွေ ပေါက်ပွားနိုင်ပြီး နားပိုးဝင်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နားကြပ်ကို သန့်သန့်ရှင်းရှင်းထားပြီး သီးသန့်သာ သုံးစွဲသင့်ပါတယ်။

၈။ တစ်ကိုယ်တော် လိင်ပိုင်းဆိုင်ရာ အလေ့အထတွေ

အပြာကားကြည့်တာ ဒါမှမဟုတ် တစ်ကိုယ်ရည် အာသာဖြေတာတွေကို ချစ်သူကို အသိပေးဖို့ မလိုပါဘူး။ အဲဒီကိစ္စတွေက ကိုယ့်ရဲ့ ကိုယ်ပိုင်အခွင့်အရေးပဲ ဖြစ်ပါတယ်။

၉။ သွားတိုက်တံ

သွားတိုက်တံ အတူတူသုံးတာဟာ သူတစ်ပါးရဲ့ ရောဂါပိုးမွှားတွေကို ကိုယ့်ပါးစပ်ထဲ ထည့်သလို ဖြစ်နေတာကြောင့် လုံးဝ မလုပ်သင့်ပါဘူး။ သွားကျန်းမာရေးအတွက် သွားတိုက်တံကို ဘယ်သူနဲ့မှ မျှဝေမသုံးစွဲသင့်ပါဘူး။

Ref: bustle