တရုတ်နိုင်ငံ၊ သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်ရဲ့ ပထမတွဲဖက်ဆေးရုံကနေ အမျိုးသားပေါင်း ၂၆,၈၀၀ ကျော်ကို လေ့လာခဲ့ရာမှာ ကျပ်တည်းတဲ့ အတွင်းခံဝတ်ဆင်သူတွေဟာ ချောင်ချိတဲ့ အတွင်းခံဝတ်ဆင်သူတွေထက် သုက်ကောင်အရည်အသွေး ကျဆင်းမှု၊ ပန်းသေပန်းညှိုးဖြစ်မှုနဲ့ သုက်လွှတ်မြန်တဲ့ ပြဿနာတွေကို ပိုမိုကြုံတွေ့ရနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

အဲဒီလေ့လာမှုမှာ ချောင်ချိတဲ့ အတွင်းခံဝတ်ဆင်သူ ၂၁,၂၂၁ ဦးနဲ့ ကျပ်တည်းတဲ့ အတွင်းခံဝတ်ဆင်သူ ၅,၆၁၅ ဦးတို့ကို ခွဲခြားလေ့လာခဲ့တာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် သုက်ကောင်ထုတ်လုပ်ဖို့အတွက် အကောင်းဆုံးအပူချိန်ဟာ လူ့ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန် ၃၇ ဒီဂရီဆဲလ်စီးယပ်စ်ထက် ၂ ဒီဂရီခန့် ပိုမိုနိမ့်ကျဖို့ လိုအပ်ပါတယ်။

ကျပ်တည်းတဲ့ အတွင်းခံတွေ ဝတ်ဆင်ခြင်းက ကပ်ပယ်အိတ်အတွင်း အပူချိန်ကို ၁ ဒီဂရီဆဲလ်စီးယပ်စ်ခန့် မြင့်တက်စေနိုင်ပြီး သုက်ကောင်ထုတ်လုပ်မှုနဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်ကို ထိခိုက်စေနိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ ကျပ်တည်းတဲ့ အတွင်းခံဝတ်ဆင်တဲ့ အမျိုးသားတွေဟာ ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ ၁၈ ရာခိုင်နှုန်းနဲ့ သုက်လွှတ်မြန်နိုင်ခြေ ၄၀ ရာခိုင်နှုန်းအထိ ပိုမိုမြင့်မားနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် သုက်ရည်ပမာဏလျော့ကျခြင်း၊ သုက်ကောင်ပုံစံမမှန်ခြင်းနဲ့ ဒီအန်အေ တည်ဆောက်ပုံ ထိခိုက်ခြင်းစတဲ့ ဆိုးကျိုးတွေကိုလည်း ဆက်စပ်တွေ့ရှိခဲ့ရပါတယ်။

ဒါပေမယ့် အဲဒီတွေ့ရှိချက်ဟာ ဆက်စပ်မှုကိုသာ ဖော်ပြတာဖြစ်ပြီး ကျပ်တည်းတဲ့ အတွင်းခံတွေကသာ ပြဿနာတွေကို တိုက်ရိုက်ဖြစ်စေတယ်လို့ အတိအကျ ကောက်ချက်ချလို့မရသေးကြောင်း သုတေသီတွေက သတိပေးထားပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျပ်တဲ့အတွင်းခံဝတ်သူတွေမှာ ဆေးလိပ်နဲ့ အရက်သောက်သုံးမှု ပိုများနေတာကိုပါ တွေ့ရလို့ဖြစ်ပြီး ချောင်ချိတဲ့ အတွင်းခံတွေကို ရွေးချယ်ဝတ်ဆင်ခြင်းက အမျိုးသားတွေရဲ့ မျိုးပွားကျန်းမာရေးကို ကာကွယ်နိုင်မယ့် ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ အကြံပြုထားပါတယ်။

Ref: Independent