အစားအသောက်တစ်နပ် အဝစားပြီးချိန်မှာ ငိုက်မျဉ်းလေးလံတာမျိုး ဖြစ်တတ်တာကြောင့် အစားအသောက်နဲ့ လိင်မှုဘဝ စွမ်းဆောင်ရည်ကို တွဲဖက်မြင်လေ့ မရှိကြပါဘူး။

ဒါပေမဲ့ ကွီးတို့ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတချို့ကို သင့်တင့်မျှတစွာ စားသုံးပေးမယ်ဆိုရင် သွေးလည်ပတ်မှု ကောင်းမွန်စေပြီး သက်လုံနဲ့ စွမ်းဆောင်ရည်ကို သွယ်ဝိုက်မြှင့်တင်ပေးနိုင်ပါတယ်။

အစားအစာတွေက ဆေးဝါးတွေလို ချက်ချင်းလက်ငင်း အစွမ်းပြတာမျိုး မဟုတ်ပေမယ့် ရေရှည်အတွက်တော့ ခန္ဓာကိုယ်နဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အကောင်းဆုံး ပံ့ပိုးပေးနိုင်တဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။

ဒါကြောင့် အိပ်ရာထဲမှာ ကြာရှည်ခံပြီး စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေဖို့ နေ့စဉ်စားသောက်မှုပုံစံမှာ ထည့်သွင်းသင့်တဲ့ အကောင်းဆုံး အစားအစာ ၁၂ မျိုးကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

အထောက်အကူပြုတဲ့ အစားအစာ ၁၂ မျိုး

၁။ ငှက်ပျောသီး - ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ် ကြွယ်ဝတာကြောင့် နှလုံး၊ အာရုံကြောနဲ့ ကြွက်သားလုပ်ဆောင်ချက်တွေကို ထိန်းညှိပေးပြီး သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်စေပါတယ်။

၂။ သကြားမုန်လာဥနီ (Beets) - နိုက်ထရိတ်ဓာတ် ပါဝင်ပြီး သွေးကြောတွေကို ကျယ်စေတဲ့ နိုက်ထရစ်အောက်ဆိုဒ်အဖြစ် ပြောင်းလဲပေးတာကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

၃။ ကြက်သွန်ဖြူ - အယ်လီစင် (Allicin) ဓာတ် ပါဝင်လို့ သွေးကြောတွေကို ကျယ်စေပြီး သွေးစီးဆင်းမှု ကောင်းမွန်စေတာကြောင့် သက်လုံကို သွယ်ဝိုက်အထောက်အကူပြုပါတယ်။

၄။ အဆီကြွယ်ဝတဲ့ ငါးတွေ - ဆယ်လ်မွန်၊ မက်ကရယ်နဲ့ တူနာငါးတွေမှာ အိုမီဂါ-၃ နဲ့ ဇင့်ဓာတ် ကြွယ်ဝလို့ နှလုံးကျန်းမာရေးနဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

၅။ ကမာကောင် (Oysters) - ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အမျိုးသားဟော်မုန်း (Testosterone) ထုတ်လုပ်မှုနဲ့ လိင်စိတ်ဆန္ဒကို အားကောင်းစေပါတယ်။

၆။ ဘလူးဘယ်ရီသီး - ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ Flavonoids တွေ ကြွယ်ဝတာကြောင့် ပန်းသေပန်းညှိုးဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

၇။ အနက်ရောင်ချောကလက် (Dark Chocolate) - Flavonoids နဲ့ L-arginine တွေ ပါဝင်လို့ သွေးကြောတွေကို ကျယ်စေပြီး လိင်အင်္ဂါဆီ သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေပါတယ်။

၈။ ထောပတ်သီး - ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်နဲ့ ဗီတာမင် အီး ပါဝင်တာကြောင့် နှလုံးသွေးကြော ကျန်းမာရေးကို မြှင့်တင်ပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပါတယ်။

၉။ အခွံမာသီးတွေ - အိုမီဂါ-၃ နဲ့ ဇင့်ဓာတ်တွေ ပါဝင်လို့ နှလုံးကျန်းမာရေးနဲ့ သွေးလည်ပတ်မှုကို ထိန်းသိမ်းပေးပြီး စွမ်းဆောင်ရည်ကို ပံ့ပိုးပေးပါတယ်။

၁၀။ ပျားရည် - သဘာဝသကြားဓာတ်က ခွန်အားကို ပေးစွမ်းနိုင်တဲ့အပြင် နှလုံးသွေးကြောနဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကို ကာကွယ်ပေးနိုင်ပါတယ်။

၁၁။ ဖရဲသီး - Citrulline အမိုင်နိုအက်ဆစ် ကြွယ်ဝလို့ သွေးကြောတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။

၁၂။ သလဲသီး - ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး နှလုံးသွေးကြော ကျန်းမာရေးနဲ့ သွေးစီးဆင်းမှုကို အထောက်အကူပြုပါတယ်။

အဓိက မှတ်သားရမယ့် အချက်တွေ

✅ မျှတတဲ့ စားသောက်မှုပုံစံအပြင် ပုံမှန်လေ့ကျင့်ခန်းလုပ်တာ၊ စိတ်ဖိစီးမှုကို ထိန်းချုပ်တာ၊ အိပ်ရေးဝအောင်အိပ်တာနဲ့ အဖော်နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာတွေကလည်း အရေးကြီးပါတယ်။

✅ အဲဒီအစားအစာတွေက သုက်လွှတ်မြန်တာ (PE) နဲ့ ပန်းသေပန်းညှိုးတာ (ED) တွေအတွက် တိုက်ရိုက်ကုသတဲ့ ဆေးဝါးတွေ မဟုတ်ပါဘူး။

✅ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အခက်အခဲတွေ ကြုံတွေ့နေရရင်တော့ အစားအသောက်တစ်ခုတည်းကိုပဲ အားမကိုးဘဲ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Ref: hims