လိင်ဆက်ဆံချိန် ဒါမှမဟုတ် ဆက်ဆံပြီးချိန်မှာ နာကျင်မှုနဲ့ သက်သောင့်သက်သာမရှိတာကို ခံစားရတာဟာ ကွီးတွေရဲ့ စိတ်ဆန္ဒကို လျော့ကျစေနိုင်ပါတယ်။

ဒီလိုအခြေအနေတွေက ချစ်သူ၊ အိမ်ထောင်ဖက်တွေကြားက ဆက်ဆံရေးကိုပါ နက်နက်ရှိုင်းရှိုင်း ထိခိုက်စေနိုင်တာမို့ ပေါ့ဆလို့ မရပါဘူး။

ဒါပေမဲ့ ဒီပြဿနာကို ကြိတ်မှိတ်ခံစားနေစရာ မလိုဘဲ အများစုက ကုသပျောက်ကင်းနိုင်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ဘယ်နေရာက၊ ဘယ်အချိန်မှာ၊ ဘယ်လိုနာကျင်တာလဲဆိုတာကို သေချာသိထားပြီး ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်ပါတယ်။

အမျိုးသားတွေ လိင်ဆက်ဆံချိန် နာကျင်စေတဲ့ အဓိကအကြောင်းရင်းတွေနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

1. ချောဆီမလုံလောက်မှု - လိင်ဆက်ဆံချိန်မှာ ချောဆီမလုံလောက်ရင် ပွတ်တိုက်မှုများပြီး နှစ်ဦးစလုံး နာကျင်စေနိုင်ပါတယ်။ အမျိုးသမီးတွေမှာ စိတ်နှိုးဆွမှု မလုံလောက်တာ၊ ဆေးဝါးတချို့ သောက်သုံးနေရတာနဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ခြောက်သွေ့တတ်တာမို့ ချောဆီအသုံးပြုတာနဲ့ နှိုးဆွမှု (foreplay) ပိုလုပ်တာတွေက ကူညီပေးနိုင်ပါတယ်။

2. သုက်လွှတ်နောက်ကျခြင်း - သုက်လွှတ်နောက်ကျတာ ဒါမှမဟုတ် လုံးဝမလွှတ်နိုင်တာတွေကြောင့် အချိန်ကြာမြင့်စွာ ပွတ်တိုက်မိပြီး လိင်အင်္ဂါနာကျင်စေနိုင်ပါတယ်။ ဒါကြောင့် ချောဆီလုံလုံလောက်လောက်သုံးပြီး သုက်လွှတ်ဖို့တစ်ခုတည်းကိုပဲ ဖိအားမပေးဘဲ နှစ်ဦးသား ထိတွေ့ခံစားမှုအပေါ်မှာပဲ အာရုံစိုက်သင့်ကာ လိုအပ်ရင် လိင်အရုပ် (sex toys) တွေကိုလည်း အကူအညီယူနိုင်ပါတယ်။

3. လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ (STI) - မှိုစွဲတာ၊ လိင်တံထိပ်အရေပြားအောက် ပိုးဝင်တာတွေအပြင် Trichomoniasis နဲ့ လိင်အင်္ဂါရေယုန်လို ရောဂါတွေကြောင့် နာကျင်နိုင်တာမို့ သံသယရှိရင် စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

4. ဓာတ်မတည့်မှု - ရာဘာကွန်ဒုံး (latex) ဒါမှမဟုတ် ဆပ်ပြာတွေနဲ့ ဓာတ်မတည့်တာကြောင့် လိင်အင်္ဂါတစ်ဝိုက် ယားယံနာကျင်ပြီး သက်သောင့်သက်သာ မဖြစ်တတ်ပါဘူး။ ဘယ်အရာနဲ့ ဓာတ်မတည့်တာလဲဆိုတာ သတိထားစောင့်ကြည့်ပြီး latex မပါတဲ့ ကွန်ဒုံးနဲ့ ရေအခြေခံချောဆီကို ပြောင်းသုံးသင့်ပါတယ်။

5. လိင်ဆက်ဆံပြီး ခေါင်းကိုက်ခြင်း - သွေးပေါင်ချိန် ပြောင်းလဲမှုကြောင့် လည်ပင်းအထက် ဦးခေါင်းအနောက်ဘက်ကနေ တဖြည်းဖြည်း ကိုက်လာတာ ဒါမှမဟုတ် ရုတ်တရက် ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာမျိုး ဖြစ်တတ်ပါတယ်။ ရှားရှားပါးပါး ပြင်းထန်တဲ့ ရောဂါလက္ခဏာ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ သေချာပြသစစ်ဆေးသင့်ပါတယ်။

6. သုက်လွှတ်ချိန် နာကျင်ခြင်း - ဆီးကျိတ်ရောင်ရမ်းတဲ့ ရောဂါ (Chronic Prostatitis) ဟာ သုက်လွှတ်ချိန်နဲ့ ထိုးသွင်းဆက်ဆံချိန်မှာ နာကျင်စေသလို သုက်လွှတ်နောက်ကျတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သုက်လွှတ်ပြီးနောက် လိင်တံထိပ်ဖျား အရမ်းထိရှလွယ်ပြီး နာကျင်နေတတ်တာမို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသသင့်ပါတယ်။

7. သုက်လွှတ်ပြီးနောက် နေမကောင်းဖြစ်တဲ့ လက္ခဏာစု (POIS) - ဒီလက္ခဏာစုရှိတဲ့ အမျိုးသားတွေဟာ သုက်လွှတ်ပြီး ချက်ချင်း ဒါမှမဟုတ် အချိန်အနည်းငယ်အကြာမှာ ပင်ပန်းနွမ်းနယ်တာနဲ့ တုပ်ကွေးမိသလို ခံစားရတာမျိုး ရက်အနည်းငယ်အထိ ကြာတတ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ သုတေသနတွေ ထပ်မံလုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

8. လိင်တံကွေးကောက်ခြင်း (Peyronie's disease) - လိင်တံအတွင်း အမာရွတ်တစ်ရှူးတွေ ဖြစ်ပေါ်ပြီး ထောင်မတ်ချိန်မှာ သိသိသာသာ ကွေးကောက်နာကျင်တာမျိုး ဖြစ်ပါတယ်။ အမျိုးသားအများစုမှာ ထောင်မတ်ချိန် အနည်းငယ်ကွေးတာက ပုံမှန်ဖြစ်ပေမဲ့ လိင်ဆက်ဆံချိန် နာကျင်မှုဖြစ်စေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

9. လိင်တံထိပ်အရေပြား ကျဉ်းခြင်းနဲ့ ပွန်းပဲ့ခြင်း - ထိပ်အရေပြား တင်းကျပ်နေတာ (Phimosis) ကြောင့် ထောင်မတ်ချိန်နဲ့ ထိုးသွင်းဆက်ဆံချိန်မှာ အရေပြားနောက်ဆုတ်ရခက်ပြီး နာကျင်စေနိုင်သလို မျက်စိနဲ့ မမြင်နိုင်တဲ့ သေးငယ်တဲ့ စုတ်ပြဲဒဏ်ရာတွေကြောင့်လည်း စူးရှနာကျင်တတ်ပါတယ်။ ကွန်ဒုံးနဲ့ ချောဆီသုံးတာက သက်သာစေနိုင်ပြီး လိုအပ်ရင် ဆရာဝန်နဲ့ ပြသကုသသင့်ပါတယ်။

10. လိင်ဆက်ဆံတဲ့ ပုံစံအနေအထား - အနေအထား၊ ထောင့်အနေအထားနဲ့ လှုပ်ရှားမှုအရှိန်တွေ မသင့်တော်ရင် နာကျင်စေနိုင်လို့ သက်သောင့်သက်သာရှိမယ့် ပုံစံအသစ်တွေ ပြောင်းလဲစမ်းသပ်သင့်ပါတယ်။ ထိုးသွင်းဆက်ဆံတာကြောင့် နာကျင်နေရင် ချောဆီသုံးပြီး ထိုးသွင်းစရာမလိုဘဲ ပြင်ပကနေ ပွတ်တိုက်ဆက်ဆံတဲ့ နည်းလမ်း (intracrural sex) ကိုလည်း စမ်းသပ်နိုင်ပါတယ်။

11. လိင်တံ အချိန်ကြာမြင့်စွာ နာကျင်စွာ ထောင်မတ်နေခြင်း (Priapism) - မကုသဘဲထားရင် လိင်တံကို အမြဲတမ်း ထိခိုက်စေနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ တစ်ခါတလေ ရေချိုးတာ၊ ရေများများသောက်တာ၊ ဖြည်းဖြည်းချင်း လမ်းလျှောက်တာနဲ့ ဆီးသွားကြည့်တာတွေကြောင့် သူ့အလိုလို ပြန်သက်သာတတ်ပေမဲ့ တချို့အခြေအနေတွေမှာတော့ လိင်တံထဲက ပိုလျှံနေတဲ့ သွေးတွေကို ဖောက်ထုတ်ဖို့ ဆေးရုံတက် ကုသဖို့ လိုအပ်ပါတယ်။

ဒီလိုနာကျင်မှုတွေ ခံစားနေရရင် စိတ်ပျက်အားငယ်စရာ မလိုပါဘူး။ စိတ်ပိုင်းဆိုင်ရာကြောင့် ဖြစ်တာဆိုရင် လိင်ပိုင်းဆိုင်ရာ စိတ်ကုထုံးပညာရှင်နဲ့ တိုင်ပင်နိုင်ပြီး ရုပ်ပိုင်းဆိုင်ရာကြောင့်ဆိုရင် ဆရာဝန် ဒါမှမဟုတ် အထူးကုနဲ့ ပြသကာ စိတ်ကုထုံးနဲ့ ဆေးဝါးကုသမှု နှစ်မျိုးပေါင်းစပ် ကုသတာက အထိရောက်ဆုံး ဖြစ်ပါတယ်။

Ref: onlinedoctor