ချစ်သူရည်းစားနဲ့ အိမ်ထောင်သည်ဘဝမှာ လိင်စိတ်ဆန္ဒလျော့နည်းနေတဲ့ အမျိုးသမီးတွေအတွက် ကွီးတို့ရဲ့ ရိုးရှင်းတဲ့ အလေ့အကျင့်တစ်ခု ပြောင်းလဲလိုက်ရုံနဲ့ ကြီးမားတဲ့ ပြောင်းလဲမှုဖြစ်စေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလမှာ Journal of Psychopathology and Clinical Science ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှု   အရ အမျိုးသားတွေရဲ့ အဲဒီအပြုအမူပြောင်းလဲမှုဟာ စိတ်ဝင်စားမှုလျော့နည်းနေတဲ့ အမျိုးသမီးတွေမှာ လိင်စိတ်ဆန္ဒကို ပိုမိုမြင့်တက်စေပြီး နှစ်ဦးစလုံးအတွက်လည်း ပိုမိုကျေနပ်မှုရရှိစေပါတယ်။

အဲဒီလေ့လာမှုဟာ လိင်စိတ်ဆန္ဒနဲ့ စိတ်လှုပ်ရှားမှု ကာလရှည်ကြာ လျော့နည်းနေတဲ့ အခြေအနေ (SIAD) ခံစားနေရတဲ့ အမျိုးသမီးတွေကို အဓိကထား လေ့လာခဲ့တာ ဖြစ်ပါတယ်။

လေ့လာမှုအရ အမျိုးသမီးတွေရဲ့ စိတ်ဝင်စားမှုကို ပြန်လည်ရရှိစေမယ့် အဓိကသော့ချက်ကတော့ အိပ်ခန်းပြင်ပမှာ အတူတကွ အတွေ့အကြုံအသစ်တွေ ဖန်တီးခြင်း (relational self-expansion) ပဲ ဖြစ်ပါတယ်။

နေ့စဉ်ပုံမှန်လုပ်နေကျ ပုံစံခွက်တွေကနေ ခွဲထွက်ပြီး အသစ်အဆန်းတွေကို အတူတူ လုပ်ဆောင်ပေးတာဟာ ဆက်ဆံရေးကို ပြောင်းလဲပေးနိုင်တာကြောင့် အမျိုးသားတွေအနေနဲ့ ဘဝမှာ အပြောင်းအလဲအသစ်တွေ ပိုမိုဖန်တီးပေးဖို့ အကြံပြုထားပါတယ်။

ဒီလေ့လာမှုမှာ အမျိုးသားရော အမျိုးသမီးပါ နှစ်ဦးစလုံးက အသစ်အဆန်းတွေ အတူတူလုပ်ဆောင်ခြင်းဟာ သူတို့ရဲ့ ဆက်ဆံရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို အမည်မဖော်ဘဲ ဖြေဆိုခဲ့ကြပါတယ်။

စုံတွဲတွေဟာ အတွေ့အကြုံအသစ်တွေနဲ့ ချိတ်ဆက်ဖြစ်တဲ့ နေ့တွေမှာ တစ်ဦးအပေါ်တစ်ဦး တုံ့ပြန်ဂရုစိုက်မှု ပိုမိုမြင့်တက်လာတာကို ခံစားရပြီး နှစ်ဦးစလုံးအတွက် လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုလည်း ပိုမိုရရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

စုံတွဲတိုင်းအတွက် နေ့စဉ်ရက်ဆက် အတွေ့အကြုံအသစ်တွေ ဖန်တီးနေဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ပေမယ့် လေ့လာမှုက နေ့တိုင်းပြောင်းလဲနေဖို့ကို ဆိုလိုတာ မဟုတ်ပါဘူး။

ပုံမှန်လုပ်ရိုးလုပ်စဉ်ကနေ ခွဲထွက်ပြီး အသစ်အဆန်းတစ်ခုခု အတူတူလုပ်ဖြစ်တဲ့ နေ့တွေမှာ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲကိုသာ အဓိကထား လေ့လာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်လိုအရာမျိုးကို လုပ်ရမယ်လို့ ကန့်သတ်ထားတာ မရှိတဲ့အတွက် ကိုယ်နဲ့သင့်တော်မယ့် အပြောင်းအလဲတွေကို စမ်းသပ်နိုင်ပြီး ဆက်ဆံရေးတစ်ခုနဲ့တစ်ခု ရလဒ်ချင်း ကွဲပြားနိုင်သလို စိတ်ဝင်စားမှုလျော့နည်းရတဲ့ တခြားအကြောင်းရင်းတွေလည်း ရှိနိုင်သေးကြောင်း ဖော်ပြထားပါတယ်။

Ref : mensjournal