ကွီးတို့ဟာ ကိုယ့်ရဲ့ လက်တွဲဖော်အပေါ် သစ္စာရှိပြီး တစ်ဦးတည်းနဲ့သာ ဆက်ဆံနေရုံနဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါ (STIs) တွေရဲ့ အန္တရာယ်ကနေ ရာနှုန်းပြည့် ကင်းဝေးပြီလို့ ထင်နေပါသလား။

တကယ်တမ်းမှာတော့ အဲဒီရောဂါပိုးအများစုဟာ လက္ခဏာမပြဘဲ ခန္ဓာကိုယ်ထဲမှာ လနဲ့ချီ၊ နှစ်နဲ့ချီပြီး ငြိမ်သက်နေနိုင်တာကြောင့် သစ္စာရှိတဲ့ စုံတွဲတွေကြားမှာတောင် မသိလိုက်ဘဲ ကူးစက်နိုင်ပါတယ်။

အရင်လက်တွဲဖော်ဟောင်းတွေဆီကနေ ပါလာတာမျိုး ဖြစ်နိုင်သလို တချို့ရောဂါတွေကတော့ အဝတ်အစားနဲ့ မျက်နှာသုတ်ပဝါ မျှဝေသုံးစွဲရာကနေတောင် ကူးစက်တတ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ချစ်သူရဲ့ ကျန်းမာရေးကို ကာကွယ်နိုင်ဖို့ သစ္စာရှိတဲ့ ဆက်ဆံရေးမှာတောင် သတိထားသင့်တဲ့ ရောဂါ (၉) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

1. အသည်းရောင်အသားဝါရောဂါ (Hepatitis) - ရောဂါလက္ခဏာ မပြဘဲ ကူးစက်နိုင်ပြီး ရောဂါပိုးပါတဲ့ အစားအသောက်၊ သွေး၊ ခန္ဓာကိုယ်အရည်တွေနဲ့ လိင်ဆက်ဆံမှုကနေ ကူးစက်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးက ပျောက်ကင်းအောင် ကုသဖို့ ခက်ခဲပြီး စီပိုးကတော့ နာတာရှည်ဖြစ်ကာ အသည်းပျက်စီးစေနိုင်ပါတယ်။

2. HIV - ကနဦးမှာ တုပ်ကွေးလို လက္ခဏာမျိုး ပြတတ်ပေမယ့် နောက်ပိုင်းမှာ အချိန်အတော်ကြာ ငြိမ်သက်နေတတ်ပါတယ်။ လက်တွဲဖော်ဟာ အရင်က အကာအကွယ်မဲ့ ဆက်ဆံခဲ့ဖူးရာကနေ မသိလိုက်ဘဲ ကူးစက်ခံထားရနိုင်တာကြောင့် စောစောစီးစီး စစ်ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

3. HPV - အမေရိကန်မှာ အဖြစ်အများဆုံး ရောဂါဖြစ်ပြီး ကူးစက်ခံရပြီး နှစ်အတော်ကြာမှ လက္ခဏာပြတတ်ပါတယ်။ အမျိုးသားအများစုမှာ လက္ခဏာမပြသလို စစ်ဆေးဖို့ နည်းလမ်းလည်း မရှိသေးတာကြောင့် အမျိုးသမီးတွေအနေနဲ့ သားအိမ်ခေါင်းချွဲမြှေး စစ်ဆေးမှု (Pap smear) ကို ပုံမှန်လုပ်သင့်ပါတယ်။

4. ကလာမိုင်ဒီယာ (Chlamydia) - ကူးစက်ခံရသူအများစုမှာ လက္ခဏာမပြတာကြောင့် အသံတိတ်ရောဂါလို့ ခေါ်ကြပါတယ်။ မကုသဘဲ ထားမယ်ဆိုရင် ကလေးမရနိုင်တာနဲ့ နာတာရှည် တင်ပါးဆုံတွင်း နာကျင်မှုတွေအထိ ဖြစ်စေနိုင်ပါတယ်။

5. Molluscum Contagiosum - အရေပြားချင်း ထိတွေ့ရာကနေ ဒါမှမဟုတ် အဝတ်အစား မျှဝေဝတ်ဆင်ရာကနေ အလွယ်တကူ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်အရေပြားရောဂါ ဖြစ်ပါတယ်။ ဆီးခုံမွေး ဖယောင်းသွင်းနုတ်ခြင်း (Waxing) ကလည်း ကူးစက်နိုင်ခြေကို မြင့်တက်စေပြီး အရေပြားမှာ ပန်းရောင် ဒါမှမဟုတ် အသားရောင် အဖုလေးတွေ ထွက်တတ်ပါတယ်။

6. ထရိုင်ကိုမိုနီးယားစစ် (Trichomoniasis) - ကူးစက်ခံရသူ ၇၀ ရာခိုင်နှုန်းလောက်မှာ လက္ခဏာမပြတတ်ပါဘူး။ အဲဒီကပ်ပါးပိုးဟာ ခန္ဓာကိုယ်အပြင်ဘက်မှာ ၄၅ မိနစ်လောက်အထိ အသက်ရှင်နိုင်တာကြောင့် စိုစွတ်တဲ့ မျက်နှာသုတ်ပဝါ မျှဝေသုံးစွဲရာကနေတောင် ကူးစက်နိုင်ပါတယ်။

7. ဆစ်ဖလစ် (Syphilis) - ကနဦးအဆင့်တွေမှာ အနာတွေ၊ အနီကွက်တွေ ထွက်တတ်ပေမယ့် ငြိမ်သက်နေတဲ့ အဆင့် (Latent stage) မှာတော့ နှစ်နဲ့ချီပြီး ဘာလက္ခဏာမှ မပြဘဲ ရှိနေတတ်တာကြောင့် အရင်လက်တွဲဖော်ဆီကနေ မသိဘဲ ကူးစက်ခံထားရနိုင်ပါတယ်။

8. ဂနိုရီးယား (Gonorrhea) - အမျိုးသမီးတချို့မှာ လက္ခဏာမပြဘဲ ရှိနေတတ်ပြီး ဆီးသွားရင် နာကျင်တာ၊ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းတာတွေ ဖြစ်တတ်ပါတယ်။ မကုသဘဲ ထားရင် တင်ပါးဆုံတွင်း ရောင်ရမ်းတဲ့ရောဂါ (PID) နဲ့ ကလေးမရနိုင်တဲ့ အန္တရာယ်တွေ ရှိပါတယ်။

9. ရေယုန် (Herpes) - အလွန်အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး မြင်သာတဲ့ လက္ခဏာမရှိတဲ့ လက်တွဲဖော်ဆီကနေတောင် အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ဒါပေမယ့် ရောဂါထိန်းချုပ်ဆေးတွေနဲ့ စနစ်တကျ ထိန်းထားနိုင်ပါတယ်။

ဒါကြောင့် နှစ်ရှည်လများ သစ္စာရှိတဲ့ စုံတွဲတွေ ဖြစ်နေရင်တောင် တစ်နှစ်တစ်ကြိမ် ကျန်းမာရေး ပုံမှန်စစ်ဆေးတာ၊ အကာအကွယ် (ကွန်ဒုံး) အသုံးပြုတာနဲ့ ကိုယ့်ရဲ့ လိင်ကျန်းမာရေးအကြောင်း လက်တွဲဖော်နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်တာတွေဟာ အကောင်းဆုံး ကာကွယ်နည်းတွေပဲ ဖြစ်ပါတယ်။

Ref: bustle