လူတွေက မွေးကတည်းက ဆက်ဆံရေးတစ်ခုကို ကောင်းကောင်းထိန်းသိမ်းတတ်လာကြတာ မဟုတ်ဘဲ မတူညီမှုတွေကို သည်းခံတာ၊ ပဋိပက္ခတွေကို ပြန်လည်ပြင်ဆင်တာနဲ့ လိုက်လျောညီထွေနေတာတွေဟာ သင်ယူလေ့ကျင့်လို့ရတဲ့ အလေ့အကျင့်တွေသာ ဖြစ်တယ်လို့ The Y Xologist မှ ဆက်ဆံရေးကုထုံးပညာရှင် Lucy Frank က ဆိုပါတယ်။
နာမကျန်းဖြစ်တာ၊ ငွေကြေးနဲ့ အလုပ်ဖိအားတွေလို ဘဝရဲ့ အပြောင်းအလဲတွေကို ကျော်ဖြတ်နိုင်တဲ့ စုံတွဲတွေဟာ အရာအားလုံးကို ကြိုတင်ဖြေရှင်းထားနိုင်သူတွေ မဟုတ်ဘဲ အခြေအနေအလိုက် လိုက်လျောညီထွေနေပြီး တာဝန်တွေကို ပြန်လည်ညှိနှိုင်းတတ်သူတွေပဲ ဖြစ်ပါတယ်။

၁။ သဘောထားကွဲလွဲတဲ့အခါ ဘာကြောင့်လဲဆိုတာကို စပ်စုလေ့လာပါ
လက်တွဲဖော်ကို ကိုယ်နဲ့သဘောတူအောင် အတင်းလုပ်တာ ဒါမှမဟုတ် ကိုယ့်လိုအပ်ချက်ကို စွန့်လွှတ်လိုက်တာမျိုး မလုပ်ဘဲ ကိုယ်ပိုင်ရပ်တည်မှုရှိဖို့ လိုပါတယ်။ မတူညီမှုတွေကို သည်းခံနိုင်တဲ့ စုံတွဲတွေက တစ်ယောက်ကိုတစ်ယောက် မထိန်းချုပ်ဘဲ ပိုမိုချိတ်ဆက်နိုင်ကြပါတယ်။ ဒါကြောင့် နားချဖို့ကြိုးစားမယ့်အစား "မင်း ဘာကြောင့် အဲဒီလိုမြင်တာလဲ" လို့ မေးမြန်းပြီး သေချာနားထောင်ပေးဖို့ လေ့ကျင့်ပါ။
၂။ စကားများတာ အရှိန်လွန်လာပြီဆိုတာကို သတိထားမိပါ
ပဋိပက္ခကို ရှောင်ရှားတာက နာကြည်းမှုတွေ စုပုံစေသလို ပြန်လည်ပြင်ဆင်မှုမရှိဘဲ ထပ်တလဲလဲ ရန်ဖြစ်နေတာကလည်း ဆက်ဆံရေးကို ပျက်စီးစေပါတယ်။ သည်းမခံနိုင်တော့မှ စကားပြောဖို့ မစောင့်ဘဲ စကားများတာ အရှိန်တက်လာရင် ခဏနားပြီးမှ ပြန်ဆွေးနွေးပါ။ ရည်ရွယ်ချက်က အနိုင်ယူဖို့ မဟုတ်ဘဲ နားလည်ဖို့နဲ့ ပြန်လည်ပြင်ဆင်ဖို့ပဲ ဖြစ်ရပါမယ်။
၃။ စိတ်ဖိစီးနေတဲ့အခါ ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြပါ
ထုတ်ဖော်မပြောဘဲ လက်တွဲဖော်က အလိုလိုသိနေလိမ့်မယ်လို့ မျှော်လင့်တာက အထင်လွဲမှုတွေ ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုကို တုံ့ပြန်ပုံချင်း မတူတာကြောင့် တိတ်တဆိတ် မျှော်လင့်နေမယ့်အစား လက်တွေ့ကျတဲ့ တောင်းဆိုချက်အဖြစ် ပြောင်းလဲပြောဆိုပါ။ ဥပမာ "မင်း ငါ့ကို ဘယ်တော့မှ မကူညီဘူး" လို့ ပြောမယ့်အစား "ငါ အရမ်းပင်ပန်းနေလို့ ဒီတစ်ပတ် ညစာချက်တာကို မင်းတာဝန်ယူပေးပါလား" လို့ ရှင်းရှင်းလင်းလင်း ပြောပြပါ။

၄။ အနာဂတ်အတွက် တစ်ယောက်ရဲ့ မျှော်လင့်ချက်တွေကို တစ်ယောက် အမြဲမေးမြန်းနေပါ
လုံခြုံစိတ်ချမှုနဲ့ ရင်းနှီးကျွမ်းဝင်မှုတွေက တစ်ခါတလေမှာ ငြီးငွေ့စရာ လုပ်ရိုးလုပ်စဉ်တွေ ဖြစ်သွားတတ်ပါတယ်။ သင့်လက်တွဲဖော်ကို အကုန်သိပြီးသားလူလို မမြင်ဘဲ အမြဲပြောင်းလဲကြီးပြင်းနေသူအဖြစ် ရှုမြင်ပါ။ ဆက်ဆံရေး အသက်ဝင်နေစေဖို့ စားသောက်ဆိုင်အသစ်သွားတာ၊ ခရီးတိုထွက်တာ၊ ဒိတ်အစီအစဉ်တွေကို အလှည့်ကျစီစဉ်တာတွေ လုပ်ပြီး သူတို့ရဲ့ အိပ်မက်နဲ့ စိတ်ဝင်စားမှုတွေကို အမြဲမေးမြန်းနေပါ။
၅။ ကိုယ်ပိုင်ဝါသနာတွေကို လိုက်စားပါ၊ ဆက်ဆံရေးအတွက်လည်း အတူတူ ကြိုးစားပါ
ဆက်ဆံရေးတစ်ခုမှာ ငါ၊ မင်း နဲ့ ငါတို့ ဆိုပြီး သုံးခုရှိတာကြောင့် နှစ်ဦးသားဆက်ဆံရေးကို ပြုစုပျိုးထောင်ရင်း ကိုယ့်ရဲ့ မိတ်ဆွေတွေ၊ ဝါသနာတွေနဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကို မေ့လျော့မသွားဖို့ အရေးကြီးပါတယ်။ တစ်ယောက်တည်းကပဲ စိတ်ပိုင်းဆိုင်ရာ တာဝန်အားလုံးကို ထမ်းထားမယ့်အစား ဆက်ဆံရေးတာဝန်ကို မျှဝေယူပြီး တစ်ဖက်မှာလည်း သီးခြားဝါသနာတစ်ခုကို မွေးမြူကာ ကိုယ်ပိုင်လွတ်လပ်မှုကို ထိန်းသိမ်းထားပါ။
၆။ တစ်ပတ်အတွင်း ပျော်ရွှင်မှုအတွက် အချိန်သီးသန့်ဖယ်ထားပါ
စကားပြောတိုင်း ပြဿနာတွေနဲ့ စီမံခန့်ခွဲမှုကိစ္စတွေချည်းပဲ ဖြစ်လာရင် ဘဝရဲ့ ပင်ပန်းမှုတွေက ဆက်ဆံရေးကို ဝါးမျိုသွားနိုင်ပါတယ်။ ခက်ခဲတဲ့ကိစ္စတွေ ရှိနေတဲ့ကြားကပဲ ဟာသဉာဏ်နဲ့ ပေါ့ပါးပျော်ရွှင်မှုကို ထိန်းသိမ်းထားဖို့ လိုပါတယ်။ အရာအားလုံး အဆင်ပြေသွားမှ ပျော်ဖို့မစောင့်ဘဲ ပြဿနာဖြေရှင်းဖို့ မဟုတ်တဲ့ ပျော်စရာအချိန်တွေကို သီးသန့်ဖယ်ထားပြီး အတူတူရယ်မောပါ။
၇။ ဘဝတစ်ခုကို အတူတူတည်ဆောက်ဖို့ ရိုမန်တစ်မဆန်တဲ့ စကားဝိုင်းတွေကို စောစောစီးစီး ပြောဆိုထားပါ
ငွေကြေး၊ သားသမီး၊ အလုပ်နဲ့ ကတိသစ္စာလို အရေးကြီးတဲ့ကိစ္စတွေမှာ မတူညီမှုတွေကို အချစ်တစ်ခုတည်းနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အကျပ်အတည်းတွေ မဖြစ်လာခင်ကတည်းက ကလေးရှိလာရင် ငွေကြေးဘယ်လိုစီမံမလဲ၊ တစ်ယောက်ယောက် နေမကောင်းဖြစ်ရင် ဒါမှမဟုတ် အလုပ်ပြုတ်သွားရင် ဘယ်လိုလုပ်မလဲ၊ အိမ်မှုကိစ္စဘယ်လိုခွဲဝေမလဲဆိုတဲ့ လက်တွေ့ကျတဲ့ ကိစ္စတွေကို ရိုးရိုးသားသား ကြိုတင်ဆွေးနွေး ညှိနှိုင်းထားပါ။
Ref: inews


