လူတိုင်းဟာ "ချစ်တယ်" ဆိုတဲ့ စကားလုံးကို နှုတ်ကနေ အလွယ်တကူ ထုတ်ပြောတတ်ကြတာ မဟုတ်ပါဘူး။ အထူးသဖြင့် ချစ်သူရည်းစား စဖြစ်ခါစ အချိန်တွေမှာ ကိုယ့်လက်တွဲဖော်က ကိုယ့်အပေါ် ဘယ်လောက်ထိ ခံစားချက်ရှိနေလဲဆိုတာ ခန့်မှန်းရခက်တတ်ပါတယ်။

ဒါပေမဲ့ စကားလုံးတွေထက် ပိုပြီး သက်သေပြနိုင်တာကတော့ နေ့စဉ်ဘဝမှာ သူတို့ မသိစိတ်ကနေ ပြုမူမိနေတဲ့ အမူအရာလေးတွေပဲ ဖြစ်ပါတယ်။

ဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ကွီးတို့ရဲ့ လက်တွဲဖော်က သင့်ကို တကယ်ချစ်မိနေပြီဆိုရင် အောက်ပါအချက် ၉ ချက်ကို မသိလိုက်ဘဲ လုပ်မိနေတတ်ပါတယ်။

၁။ ပိုပြီး ကြင်နာယုယလာခြင်း

စိတ်ချင်းနီးစပ်လာတာနဲ့အမျှ ခေါင်းလေးပွတ်ပေးတာ၊ မျက်နှာပေါ်ကျနေတဲ့ ဆံပင်လေးတွေကို သပ်တင်ပေးတာ၊ နှုတ်ခမ်းမှာ ပေနေတာကို သုတ်ပေးတာလိုမျိုး နူးညံ့တဲ့ အမူအရာတွေကို မသိစိတ်ကနေ ပိုလုပ်လာတတ်ပါတယ်။

၂။ အနားမှာ နီးနီးကပ်ကပ် နေချင်ခြင်း

အတူတူထိုင်နေချိန် လက်ကိုင်ထားတာ၊ လမ်းလျှောက်ရင်း ပခုံးဖက်ထားတာမျိုးလို ရုပ်ပိုင်းဆိုင်ရာအရ သင့်အနားမှာ အမြဲတမ်း ကပ်နေဖို့ ကြိုးစားလာပါတယ်။

၃။ အသေးအဖွဲကိစ္စလေးတွေကအစ ကူညီပေးခြင်း

ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ရာကနေ သင့်ရဲ့ လိုအပ်ချက်တွေကိုပါ အလိုလို သတိထားမိလာပါတယ်။ ဥပမာ- ကိုယ့်အတွက် ကော်ဖီဖျော်ရင်း သင့်အတွက်ပါ နှစ်ခွက်စာ အလိုလို ဖျော်ပေးမိတာမျိုး၊ ပျင်းစရာကောင်းတဲ့ အပြင်ကိစ္စတွေကိုပါ အတူလိုက်လုပ်ပေးချင်တာမျိုး ဖြစ်လာပါတယ်။

၄။ "ငါ" အစား "ငါတို့" လို့ စသုံးလာခြင်း

စကားပြောတဲ့အခါ တစ်ယောက်တည်းအနေနဲ့ မဟုတ်ဘဲ နှစ်ယောက်ပေါင်းပြီး ပြောဆိုလာပါတယ်။ အနာဂတ်အစီအစဉ်တွေမှာ "ငါတို့ ခရီးသွားကြရအောင်" ဆိုတာမျိုး သင့်ကို ထည့်သွင်းစဉ်းစားလာတာဟာ လက်တွဲဖော်အဖြစ် မြင်နေပြီဆိုတဲ့ လက္ခဏာပါပဲ။

၅။ အကြည့်ချင်း ပိုဆုံလာခြင်း

သင့်မျက်လုံးကို စိုက်ကြည့်နေတာ၊ ဒါမှမဟုတ် သင် ဘာမှထွေထွေထူးထူး မလုပ်နေတဲ့ အချိန်မှာတောင် အခန်းတစ်ဖက်ကနေ သင့်ကို မသိမသာ ငေးကြည့်နေမိတာမျိုး ခဏခဏ ဖြစ်တတ်ပါတယ်။

၆။ အတူတူ အချိန်ဖြုန်းဖို့ ဦးစားပေးလာခြင်း

ဘာမှ ထူးထူးခြားခြား လုပ်စရာမရှိရင်တောင် သင့်အနားမှာ ရှိနေချင်ပြီး တခြားကိစ္စတွေထက် သင်နဲ့ အတူတူ အချိန်ကုန်ဆုံးဖို့ကို ပိုပြီး ဦးစားပေး ရွေးချယ်လာပါတယ်။

၇။ သတင်းထူးရှိရင် ပထမဆုံး ဖုန်းဆက်ပြောပြခြင်း

သတင်းကောင်းပဲဖြစ်ဖြစ်၊ သတင်းဆိုးပဲဖြစ်ဖြစ် ကြီးမားတဲ့ ကိစ္စတစ်ခုခု ကြုံလာတဲ့အခါ ပထမဆုံး ဖုန်းဆက်ပြောပြတဲ့သူဟာ သင်ဖြစ်နေတယ်ဆိုရင် သင့်အပေါ် ယုံကြည်စိတ်ချပြီး တန်ဖိုးထားနေပြီဆိုတာ သေချာပါတယ်။

၈။ သင့်အကြောင်း မေးခွန်းတွေ ဆက်တိုက် မေးလာခြင်း

သင်ကြိုက်တဲ့ အရောင်ကအစ သင့်ရဲ့ အတွင်းစိတ် လျှို့ဝှက်ချက်တွေအထိ သိချင်နေပြီး စကားဝိုင်းတွေမှာ သင့်အကြောင်းနဲ့ သင့်အတွေးအမြင်တွေကို ပိုပြီး အာရုံစိုက် မေးမြန်းလာပါတယ်။

၉။ သင့်ကို မြင်လိုက်တာနဲ့ မျက်နှာလေး ဝင်းပသွားခြင်း

သင် အခန်းထဲ ဝင်လာတာကို မြင်လိုက်တာနဲ့ ပြေးဖက်တာမျိုး ဒါမှမဟုတ် နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလိုက်တာမျိုးလို သင့်ကို တွေ့ရလို့ ပျော်ရွှင်တက်ကြွသွားတဲ့ အမူအရာကို ဖုံးကွယ်လို့ မရဘဲ ဖြစ်နေတတ်ပါတယ်။

အဲဒီအမူအရာလေးတွေက သင့်လက်တွဲဖော်ရဲ့ ခံစားချက်ကို ပြသနေတာဖြစ်ပေမဲ့ နှစ်ယောက်လုံး တူညီတဲ့ ခံစားချက်နဲ့ ရှေ့ဆက်နေကြတာ သေချာစေဖို့အတွက်တော့ ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးတာက အကောင်းဆုံးဖြစ်ပါတယ်။

Ref : bustle