ကွီးတို့ သိတဲ့အတိုင်းပဲ တစ်ကိုယ်ရည်အာသာဖြေခြင်းဟာ လူအများကြားမှာ ဖြစ်လေ့ဖြစ်ထရှိပေမဲ့ တချို့သူတွေအတွက်တော့ ပွင့်ပွင့်လင်းလင်း မပြောချင်ကြတဲ့ အကြောင်းအရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒီလို လူသိများတဲ့ အပြုအမူတစ်ခုဖြစ်ပေမဲ့ ပုံမှန်ဖြစ်ပြီး ကျန်းမာရေးအရလည်း အများအားဖြင့် ပြဿနာမရှိတဲ့ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့ ပတ်သက်ပြီး အယူအဆမှားတွေ၊ နားလည်မှုလွဲမှားတာတွေ အများကြီး ရှိနေဆဲပါပဲ။

ဒါကြောင့် ဒီဆောင်းပါးမှာ အဲဒီအယူအဆမှားတချို့ကို ရှင်းလင်းဖော်ပြပြီး တစ်ကိုယ်ရည်အာသာဖြေခြင်းဟာ လက်ခံနိုင်စရာကောင်းတဲ့ အပြုအမူတစ်ခုသာမက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်နိုင်ကြောင်း ဆွေးနွေးသွားပါမယ်။

အယူအဆမှား နံပါတ် (၁) — တစ်ကိုယ်ရည်အာသာဖြေခြင်းဟာ သဘာဝမကျဘူး၊ ကျန်းမာရေးကို ထိခိုက်စေတယ်

ဒါဟာ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့ ပတ်သက်ပြီး အများဆုံးကြားရလေ့ရှိတဲ့ အယူအဆမှားတစ်ခု ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင်ထိတွေ့ပြီး လိင်ပိုင်းဆိုင်ရာ သာယာမှုကို ရယူခြင်းမှာ မူလသဘောအရ အန္တရာယ်ရှိတယ်လို့ မဆိုနိုင်ပါဘူး။

တကယ်တော့ တစ်ကိုယ်ရည်အာသာဖြေခြင်းမှာ အကျိုးကျေးဇူးတချို့ ရှိနိုင်ပါတယ်။ ဥပမာ—

  • စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို လျော့နည်းစေနိုင်ခြင်း။
  • အိပ်စက်မှုကို အထောက်အကူပြုနိုင်ခြင်း။
  • ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ သာယာမှုကို ခံစားရစေနိုင်ခြင်း။

ဒါကြောင့် တစ်ကိုယ်ရည်အာသာဖြေခြင်းဟာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ တစ်သတ်မှတ်တည်း ပြောလို့မရပါဘူး။ သင့်တင့်လျောက်ပတ်စွာ ပြုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ထိခိုက်မှုမရှိစေဘူးဆိုရင် ပုံမှန်လိင်ပိုင်းဆိုင်ရာ အပြုအမူတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။

အယူအဆမှား နံပါတ် (၂) — အိမ်ထောင်မရှိသူ၊ ချစ်သူမရှိသူတွေသာ တစ်ကိုယ်ရည်အာသာဖြေကြတယ်

လုံးဝ မဟုတ်ပါဘူး။

တစ်ကိုယ်ရည်အာသာဖြေခြင်းဟာ လိင်ဆက်ဆံဖော်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ ဘဝမှာ တွေ့ရနိုင်တဲ့ ပုံမှန်အပြုအမူတစ်ခု ဖြစ်ပါတယ်။

လူအများအပြားဟာ စိတ်အပန်းဖြေဖို့၊ စိတ်ဖိစီးမှုလျော့ချဖို့ ဒါမှမဟုတ် ကိုယ်တိုင် သာယာမှုခံစားရဖို့အတွက် တစ်ကိုယ်ရည်အာသာဖြေဖို့ ရွေးချယ်ကြပါတယ်။

ဒါ့အပြင် ကိုယ့်ခန္ဓာကိုယ်ကို ပိုမိုနားလည်လာဖို့နဲ့ ဘယ်လိုထိတွေ့မှုမျိုးကို လိင်ပိုင်းဆိုင်ရာအရ နှစ်သက်တယ်ဆိုတာ သိရှိလာဖို့လည်း အထောက်အကူပြုနိုင်ပါတယ်။ ဒီလို ကိုယ့်ကိုယ်ကိုယ် ပိုမိုနားလည်လာခြင်းက လိင်ဆက်ဆံဖော်နဲ့ အတူရှိတဲ့အခါ ပိုမိုကျေနပ်ဖွယ်ကောင်းတဲ့ အတွေ့အကြုံတွေ ရရှိဖို့လည်း အထောက်အကူဖြစ်နိုင်ပါတယ်။

တစ်ကိုယ်ရည်အာသာဖြေခြင်းကို လိင်ဆက်ဆံဖော်နဲ့ အတူ လိင်ဆက်ဆံခြင်းရဲ့ အစားထိုးနည်းလမ်းတစ်ခုလို့ပဲ မမြင်သင့်ပါဘူး။ ကိုယ့်ရဲ့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေအတွင်း ပါဝင်နိုင်တဲ့ သီးခြားအပြုအမူတစ်ခုအဖြစ်လည်း မြင်နိုင်ပါတယ်။

အယူအဆမှား နံပါတ် (၃) — ငါ တစ်ကိုယ်ရည်အာသာဖြေများလွန်းနေသလား

တချို့သူတွေက အနည်းငယ်လုပ်တာကောင်းရင် အများကြီးလုပ်လေ ပိုကောင်းလေ ဖြစ်မယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုတော့ မဟုတ်ပါဘူး။

တစ်ကိုယ်ရည်အာသာဖြေသင့်တဲ့ အကြိမ်ရေအတွက် လူတိုင်းနဲ့ ကိုက်ညီတဲ့ သတ်မှတ်ချက်တစ်ခု မရှိပါဘူး။ သို့သော် အကြိမ်ရေများလွန်းခြင်း၊ ကြမ်းတမ်းစွာ ပြုလုပ်ခြင်းတို့ကြောင့် အရေပြားပွန်းပဲ့ခြင်း၊ ယားယံခြင်းနဲ့ နာကျင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

အရေးကြီးတာက တစ်ကိုယ်ရည်အာသာဖြေခြင်းကြောင့် ကိုယ့်ဘဝရဲ့ အခြားအရေးကြီးတဲ့ ကဏ္ဍတွေဖြစ်တဲ့—

  • အလုပ်အကိုင်
  • ပညာရေး
  • မိသားစုနဲ့ လူမှုဆက်ဆံရေး
  • နေ့စဉ်လုပ်ငန်းဆောင်တာများ

ကို လျစ်လျူရှုမထားဖို့ပါပဲ။

ဒီအရာတွေကို မထိခိုက်စေဘဲ ကိုယ့်ခန္ဓာကိုယ်မှာလည်း နာကျင်မှု၊ ဒဏ်ရာတွေ မဖြစ်ဘူးဆိုရင် အကြိမ်ရေတစ်ခုတည်းကို ကြည့်ပြီး ပြဿနာရှိတယ်လို့ မသတ်မှတ်သင့်ပါဘူး။

အယူအဆမှား နံပါတ် (၄) — တစ်ကိုယ်ရည်အာသာဖြေခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း မဟုတ်ဘူး

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်ခြင်း (Self-care) ဆိုတာ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်ပါတယ်။

ဒီထဲမှာ ကိုယ့်ကိုယ်ကိုယ် ဦးစားပေးခြင်း၊ ကိုယ့်ကိုယ်ကိုယ် ချစ်ခင်လက်ခံခြင်း၊ ကိုယ့်အပေါ် ကြင်နာနားလည်ခြင်းနဲ့ ကိုယ့်ရဲ့ ခံစားချက်တွေကို ပိုမိုနားလည်ဖို့ အချိန်ပေးခြင်းတို့ ပါဝင်ပါတယ်။

ဒီအမြင်နဲ့ ကြည့်မယ်ဆိုရင် တစ်ကိုယ်ရည်အာသာဖြေခြင်းဟာ လူတချို့အတွက် ကိုယ့်ခန္ဓာကိုယ်ကို နားလည်ဖို့နဲ့ ကိုယ်တိုင် သာယာမှုကို ခံစားဖို့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းဟာ တစ်ကိုယ်ရည်အာသာဖြေခြင်းတစ်ခုတည်းကို ဆိုလိုတာတော့ မဟုတ်ပါဘူး။ အနားယူခြင်း၊ လုံလောက်စွာ အိပ်စက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကိုယ့်စိတ်ခံစားမှုကို ဂရုစိုက်ခြင်းတို့လည်း အရေးကြီးပါတယ်။

တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့ ပတ်သက်တဲ့ အမှန်တရားများ

အခုဆိုရင် အဓိကအချက်တွေကို ပြန်လည်သုံးသပ်ကြည့်ရအောင်။

တစ်ကိုယ်ရည်အာသာဖြေခြင်းဟာ လူအများအတွက် ပုံမှန်ဖြစ်ပြီး အများအားဖြင့် ကျန်းမာရေးကို မထိခိုက်စေတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတစ်ခု ဖြစ်ပါတယ်။ စိတ်အပန်းဖြေစေခြင်း၊ ကိုယ့်ခန္ဓာကိုယ်ကို ပိုမိုနားလည်လာစေခြင်းနဲ့ ကိုယ့်ရဲ့ လိင်ပိုင်းဆိုင်ရာ သာယာမှုကို သိရှိလာစေခြင်းတို့အတွက် အထောက်အကူဖြစ်နိုင်ပါတယ်။

အသက်အရွယ်၊ လိင်အမျိုးအစားနဲ့ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု မတူညီသူတွေထဲမှာလည်း တစ်ကိုယ်ရည်အာသာဖြေသူတွေ ရှိကြပါတယ်။

ထို့အပြင် တစ်ကိုယ်ရည်အာသာဖြေခြင်းဟာ ကိုယ်ပိုင်ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ ဘယ်နှကြိမ် ပြုလုပ်သင့်တယ်ဆိုတဲ့ အဖြေတစ်ခုတည်းကို လူတိုင်းအတွက် သတ်မှတ်ပေးလို့ မရပါဘူး။

အဓိကက ကိုယ့်အတွက် အဆင်ပြေဖို့၊ ကိုယ့်ခန္ဓာကိုယ်ကို မထိခိုက်စေဖို့နဲ့ ကိုယ့်ရဲ့ နေ့စဉ်ဘဝကို အနှောင့်အယှက်မဖြစ်စေဖို့ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ လိင်ပိုင်းဆိုင်ရာ ခံစားချက်တွေနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် နားလည်လက်ခံတတ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း လုံခြုံမှု၊ ကိုယ်ပိုင်သဘောတူညီမှုနဲ့ ကိုယ့်ကျန်းမာရေးကို ထည့်သွင်းစဉ်းစားပြီး ကိုယ်တိုင် ချမှတ်နိုင်ပါတယ်။

Ref: Estrid