ကွီးအများစုဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးရုံဆေးခန်းသွားပြဖို့ ဝန်လေးတတ်ကြပါတယ်။ ရောဂါလက္ခဏာပြင်းထန်လာမှသာ ဆရာဝန်နဲ့ သွားရောက်ပြသတတ်တဲ့ အကျင့်ကြောင့် ကုသရလွယ်ကူတဲ့ ရောဂါတွေကနေ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်လာနိုင်မယ့် အန္တရာယ်တွေ ရှိပါတယ်။

အဲဒီရောဂါတွေကို စောစောစီးစီးသိရှိပြီး ထိရောက်စွာ ကုသနိုင်ဖို့အတွက် ပုံမှန်ဆေးစစ်မှုတွေ ပြုလုပ်ဖို့က အင်မတန် အရေးကြီးလှပါတယ်။ ဒါကြောင့် အမျိုးသားတွေ အထူးဂရုစိုက်သင့်တဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အဓိကအချက်တွေကို အောက်မှာ မျှဝေပေးလိုက်ပါတယ်။

🛑 ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်း

အသက် ၅၀ ကျော် အမျိုးသားတွေ တစ်နှစ်တစ်ကြိမ်နဲ့ အသက် ၅၀ အောက် အမျိုးသားတွေ ၃ နှစ်ကနေ ၅ နှစ်တစ်ကြိမ် ပုံမှန် ဆေးစစ်သင့်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

🛑 ဝမ်းဗိုက်သွေးလွှတ်ကြောဖောင်းပွမှု စစ်ဆေးခြင်း

ဆေးလိပ်အလွန်အကျွံသောက်ဖူးတဲ့ အသက် ၆၅ နှစ်ကနေ ၇၅ နှစ်ကြား အမျိုးသားတွေ အနေနဲ့ အာထရာဆောင်းရိုက်ပြီး တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။

🛑 အူမကြီးကင်ဆာ

အသက် ၄၅ နှစ်အရွယ်ကစပြီး အူမကြီးကင်ဆာ စစ်ဆေးမှုတွေ စတင်လုပ်ဆောင်သင့်ပါတယ်။ မိသားစုထဲမှာ အူမကြီးကင်ဆာဖြစ်ဖူးသူရှိရင် ပိုပြီးစောစော စစ်ဆေးဖို့ လိုအပ်ပါတယ်။

🛑 ဆီးချိုရောဂါ

အသက် ၄၅ နှစ်အထက် ဒါမှမဟုတ် ခန္ဓာကိုယ်အလေးချိန်အညွှန်းကိန်း ၂၅ ထက်ကျော်လွန်နေသူတွေ ဆီးချိုစစ်ဆေးသင့်ပါတယ်။ ဆီးချိုရောဂါ လက္ခဏာတွေဟာ တဖြည်းဖြည်းချင်းပြတတ်လို့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးဖို့ အရေးကြီးပါတယ်။

🛑 သွေးတိုးရောဂါ

သွေးတိုးရောဂါဟာ နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ဖြစ်စေနိုင်တဲ့အတွက် အနည်းဆုံး နှစ်နှစ်တစ်ကြိမ် သွေးပေါင်ချိန် တိုင်းတာသင့်ပါတယ်။

🛑 ကိုလက်စထရော မြင့်မားမှု

အသက် ၁၈ နှစ်ကစပြီး နှလုံးရောဂါဖြစ်နိုင်ခြေ ပုံမှန်ရှိသူတွေ ငါးနှစ်တစ်ကြိမ် ကိုလက်စထရော စစ်ဆေးသင့်ပါတယ်။ အဝလွန်သူတွေ၊ ဆေးလိပ်သောက်သူတွေနဲ့ မိသားစုရာဇဝင်ရှိသူတွေ ပိုမိုမကြာခဏ စစ်ဆေးသင့်ပါတယ်။

🛑 အဆုတ်ကင်ဆာ

ဆေးလိပ်သောက်သုံးမှုရာဇဝင်ရှိတဲ့ အသက် ၅၀ ကနေ ၈၀ ကြား အရွယ်တွေအနေနဲ့ နှစ်စဉ် အဆုတ်ကင်ဆာ စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။

🛑 ဆီးကျိတ်ကင်ဆာ

အသက် ၅၀ ကစပြီး ဆီးကျိတ်ကင်ဆာအတွက် စစ်ဆေးမှုတွေ ပြုလုပ်ဖို့ အကြံပြုထားပေမယ့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံး ဖြစ်ပါတယ်။

Ref: Mayoclinichealthsystem