စာရေးဆရာမ အမ်မလီ နာဂိုစကီး (Emily Nagoski) ရဲ့ "Come As You Are" စာအုပ်မှာ လိင်ပိုင်းဆိုင်ရာ ဆန္ဒတွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို စိတ်ဝင်စားစရာ ရှင်းပြထားပါတယ်။
ကျွန်တော်တို့ရဲ့ လိင်မှုဆန္ဒတွေဆိုတာ ကားတစ်စီးလိုပါပဲ။ ရှေ့ကိုသွားဖို့ လီဗာ (accelerators) ကို နင်းရသလို၊ ရပ်ဖို့အတွက် ဘရိတ် (brakes) ကို နင်းရတာမျိုးပါ။
လီဗာကို ဘယ်အရာတွေက တင်ပေးပြီး ဘရိတ်ကို ဘယ်အရာတွေက ဆွဲထားလဲဆိုတာကို နားလည်ဖို့ အိမ်ထောင်ဖက်နှစ်ဦးကြားမှာ ပွင့်လင်းတဲ့ ဆက်သွယ်ပြောဆိုမှုတွေ ရှိဖို့ လိုအပ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိ တိုင်ပင်ဆွေးနွေးတာက ပိုမိုသာယာပြီး ပြည့်စုံတဲ့ လိင်မှုဘဝကို ရရှိစေမှာပါ။ ဆန္ဒဆိုတာဟာ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေအပြင် အဲဒီအချိန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေအပေါ်မှာ အများကြီး မူတည်နေတယ်လို့ အမ်မလီက ဆိုပါတယ်။

အချစ်ရေးမှာ အကောင်းဆုံး အခြေအနေဆိုတာ ဘယ်လိုမျိုးလဲဆိုတာ စိတ်ကူးကြည့်ရအောင်ပါ။
ပထမအခြေအနေကတော့ သောကြာနေ့ ညနေခင်းပါ။ အလုပ်ကနေ အိမ်ပြန်ရောက်လာချိန်မှာ ကလေးတွေကလည်း သူငယ်ချင်းတွေအိမ်မှာ အိပ်ကြပါတယ်။ ဒါဟာ လပိုင်းအတွင်း သင်နဲ့ သင့်အိမ်ထောင်ဖက် နှစ်ယောက်တည်း အတူရှိနေတဲ့ ပထမဆုံး အချိန်လေးပါ။ နှစ်ယောက်တည်း ညစာ ချက်ပြုတ်ကြတယ်၊ ဝိုင်သောက်ကြတယ်၊ တစ်ပတ်လုံး ပင်ပန်းလာသမျှ အမောပြေအောင် အချင်းချင်း စကားတွေ ပြောဖြစ်ကြပါတယ်။
ဒုတိယအခြေအနေကို ဆက်ကြည့်ရအောင်ပါ။ ကြာသပတေးနေ့ မနက်ခင်းဖြစ်ပြီး မနေ့ညက ကလေးနို့တိုက်ရလို့ ကောင်းကောင်း အိပ်မပျော်ခဲ့ပါဘူး။ လျှော်ရမယ့် အဝတ်အစားတွေကလည်း တောင်လိုပုံနေပြီး လာမယ့် တနင်္လာနေ့မှာ လုပ်ရမယ့် အရေးကြီးတဲ့ အလုပ်အတွက်လည်း ဘာမှ မပြင်ဆင်ရသေးပါဘူး။
ဒီအခြေအနေ နှစ်ခုစလုံးမှာ သင့်အိမ်ထောင်ဖက်က သင့်ကို ရင်းရင်းနှီးနှီး နေထိုင်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဘယ်အခြေအနေမျိုးမှာ သင် ပိုပြီး တုံ့ပြန်မှု ကောင်းကောင်း ပေးနိုင်မယ်လို့ ထင်ပါသလဲ။ ပထမအခြေအနေပဲ ဖြစ်ဖို့ များပါတယ်။ အဲဒီအချိန်မှာ စိတ်လက်ပေါ့ပါးနေပြီး တစ်ယောက်နဲ့တစ်ယောက် ပိုပြီး နားလည်မှု ရှိနေမှာပါ။ ဒါကြောင့် သင့်အိမ်ထောင်ဖက်ရဲ့ အီစီကလီလုပ်တာတွေကို ပြန်ပြီး တုံ့ပြန်ချင်စိတ် ပိုရှိနေမှာပါ။ လိင်ပိုင်းဆိုင်ရာ ဆန္ဒနဲ့ အကောင်းဆုံး အခြေအနေတစ်ခုတို့ ဆုံတွေ့သွားတဲ့ အချိန်မျိုးဟာ အသာယာဆုံးပါပဲ။

ကိုယ့်အတွက် အကောင်းဆုံး အခြေအနေဆိုတာ ဘာလဲဆိုတာကို သိဖို့ အမ်မလီ နာဂိုစကီးရဲ့ လေ့ကျင့်ခန်းလေးကို စမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်။ အရင်က ကြုံတွေ့ခဲ့ဖူးတဲ့ ကောင်းမွန်တဲ့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံတစ်ခုကို ပြန်စဉ်းစားကြည့်ပါ။ အဲဒီအတွေ့အကြုံကို ဘာတွေက ကောင်းမွန်စေခဲ့တာလဲဆိုတာကို သေချာ ပြန်သုံးသပ်ကြည့်ပါ။ သင် တွေ့ရှိခဲ့တဲ့ အချက်တွေကို သင့်အိမ်ထောင်ဖက်ကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး လက်တွေ့ အသုံးချကြည့်ပါ။ ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးတာက လိင်ပိုင်းဆိုင်ရာ ရင်းနှီးကျွမ်းဝင်မှုကို ပိုမို နက်ရှိုင်းစေနိုင်တယ်ဆိုတာကို လက်တွေ့ မြင်တွေ့ရမှာပါ။
Ref: relationshipcounsellingtoronto


