ကွီးတိုင်းက အိပ်ရာပေါ်မှာ သူတို့ရဲ့ လက်တွဲဖော်ကို အတတ်နိုင်ဆုံး ကျေနပ်မှုပေးချင်ကြပါတယ်။ ဒီလိုပေးနိုင်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံးပြင်ဆင်ထားတတ်ကြပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ အဲဒီလိုပြင်ဆင်မှုက စိုးရိမ်ပူပန်မှုကို ဖြစ်စေပြီး စွမ်းဆောင်ရည်ကျဆင်းတာမျိုး အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်စေပါတယ်။

ဒါကို စွမ်းဆောင်ရည်ဆိုင်ရာ စိုးရိမ်ပူပန်မှု (Performance Anxiety) လို့ ခေါ်ပါတယ်။ လက်တွဲဖော်ကို ကျေနပ်မှုအပြည့်အဝပေးချင်တဲ့ အမျိုးသားတွေအတွက် အောက်ပါအချက်တွေကို အကြံပြုထားပါတယ်။

၁။ ပဏာမ နှိုးဆွခြင်း (Foreplay) ကို အမျိုးသားတွေက အိပ်ရာပေါ်ရောက်တဲ့အခါ အမှုမဲ့အမှတ်မဲ့ ထားတတ်ကြပါတယ်။ လိင်ဆက်ဆံတယ်ဆိုတာ ထိုးသွင်းဆက်ဆံပြီး မာရသွန်ပြေးသလို ဆက်တိုက်လုပ်ဆောင်နေတာမျိုး မဟုတ်ပါဘူး။ ပဏာမ နှိုးဆွခြင်းဆိုတဲ့ နောက်ထပ် အရေးကြီးတဲ့ အပိုင်းတစ်ပိုင်း ပါဝင်ပါတယ်။ အဲဒီမှာ နှစ်ဦးနှစ်ဖက် သာယာဖွယ်ရာ ထိတွေ့တာ၊ နမ်းရှုံ့တာနဲ့ ပါးစပ်နဲ့ ဆက်ဆံတာတွေ ပါဝင်နိုင်ပါတယ်။

အလောတကြီး လုပ်ဆောင်လေ့ရှိတဲ့ အမျိုးသားအများစုက ပဏာမ နှိုးဆွမှုအတွက် အချိန်နည်းနည်းပဲ ပေးတတ်ကြပေမယ့် အဲဒီလို သာယာဖွယ်ရာ နှိုးဆွပေးတာက တကယ့်ဆက်ဆံမှုထက် သင့်ရဲ့လက်တွဲဖော်ကို ပိုပြီး ကျေနပ်မှုပေးနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။ အမျိုးသမီးအများစုက ထိုးသွင်းဆက်ဆံတာထက် မိန်းမကိုယ်အစေ့ကို နှိုးဆွပေးတာကနေတစ်ဆင့် ပြီးမြောက်မှု (Orgasm) ပိုရတတ်တယ်ဆိုတာကို သင်သိပါသလား။

၂။ စတင်လိုက် ရပ်လိုက် နည်းလမ်း (Start and Stop Technique) ကို လုပ်ဆောင်ဖို့ဆိုတာ ပြောသလောက် မလွယ်ကူဘဲ သုတ်လွှတ်ခါနီးအချိန်မှာ ရပ်တန့်ဖို့အတွက် အမျိုးသားတစ်ဦးရဲ့ စိတ်ဆန္ဒ ထိန်းချုပ်နိုင်စွမ်း လိုအပ်ပါတယ်။ သင့်လက်တွဲဖော်က ဆက်လုပ်ဖို့ တောင်းဆိုနေရင်တောင် ရပ်တန့်နိုင်ဖို့ဆိုတာ သူ့ချည်းသက်သက် အနုပညာတစ်ရပ် ဖြစ်ပါတယ်။ ဆက်ဆံတဲ့ ပုံစံကို ဖြည်းဖြည်းချင်း ပြောင်းလဲပြီး အဲဒီလို အနားယူတဲ့အချိန်မှာ အသက်ပြင်းပြင်းရှူကာ သင့်ကိုယ်သင်နဲ့ အာရုံကြောတွေကို အနားပေးပြီး အချိန်ဆွဲနိုင်ပါတယ်။

၃။ ဖြည်းဖြည်းချင်း လုပ်ဆောင်ပါ။ "အရှိန်ကို တစ်ဝက်လျှော့ပြီး သာယာမှုကို နှစ်ဆယူပါ" ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ အမြဲတမ်း ကြမ်းကြမ်းတမ်းတမ်း လုပ်ဆောင်ပြီး မိနစ်အနည်းငယ်အတွင်း အပြီးသတ်ဖို့ မလိုပါဘူး။ ဖြည်းဖြည်းချင်း လုပ်ဆောင်ပြီး အချိန်ပိုကြာအောင် နေနိုင်ပါတယ်။ အဲဒီလိုလုပ်ဆောင်ရင်း သင့်လက်တွဲဖော်ရဲ့ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို နှိုးဆွပေးဖို့ ပဏာမ နှိုးဆွတဲ့ နည်းလမ်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

၄။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက သင့်ရဲ့ အဆိုးရွားဆုံး ရန်သူတွေ ဖြစ်ပါတယ်။ အိပ်ရာပေါ်မှာတင် မကဘဲ သင့်ဘဝမှာပါ အနှောင့်အယှက် ဖြစ်စေပါတယ်။ ဘဝရဲ့ ဘယ်နေရာကနေမဆို ရလာတဲ့ စိတ်ဖိစီးမှုက သင်လုပ်သမျှအရာတိုင်းကို သက်ရောက်မှုရှိစေပါတယ်။

စွမ်းဆောင်ရည်ဆိုင်ရာ စိုးရိမ်ပူပန်မှုကလည်း အဲဒီလိုပါပဲ၊ ပိုဆိုးတဲ့ ရလဒ်တွေကို ဖြစ်ပေါ်စေပြီး စိတ်ဖိစီးမှုကို ပိုများစေပါတယ်။ ပိုကောင်းတဲ့ ရလဒ်တွေရဖို့ သင့်စိတ်နဲ့ ခန္ဓာကိုယ်ကို အနားပေးပါ။ စိတ်အပန်းဖြေဖို့အတွက် လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ အိပ်ရေးဝဝအိပ်တာ၊ လက်တွဲဖော်နဲ့ စိတ်ပိုင်းဆိုင်ရာ ပိုမိုနီးကပ်အောင် နေထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာနဲ့ လိုအပ်ရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

၅။ ဆေးလိပ်ဖြတ်ပြီး အရက်သောက်သုံးမှုကို ထိန်းချုပ်ပါ။ ဆေးလိပ်သောက်တာက သွေးတိုးနဲ့ နှလုံးရောဂါတွေကို ဖြစ်စေနိုင်ပြီး အဲဒီကတစ်ဆင့် ပန်းသေပန်းညှိုးရောဂါ (Erectile Dysfunction) ကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ပြီးနောက် ခံတွင်းနံ့ နံနေတာကို သင့်လက်တွဲဖော်က သဘောမကျတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါက သူမကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးမှာ ရှိတဲ့ ပျော်ရွှင်မှုတွေကို ပျောက်ဆုံးစေနိုင်ပါတယ်။

၆။ သင့်ရဲ့ လက်တွဲဖော်နဲ့ စကားပြောပါ။ သင့်လက်တွဲဖော်ရဲ့ လိုအပ်ချက်တွေကို (နေ့စဉ်ဘဝမှာရော အိပ်ရာပေါ်မှာပါ) နားလည်ထားတာက သူမ အနှစ်သက်ဆုံးအရာတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ သူမ ဘာကိုကြိုက်တယ်၊ ဘာကိုမကြိုက်ဘူး ဆိုတာနဲ့ ဘာကို အနှစ်သက်ဆုံးလဲဆိုတာကို သိအောင်လုပ်ပါ။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သင်တို့ရဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးကို ပိုပြီး ရင်းနှီးဖို့ကောင်းကာ သာယာပျော်ရွှင်ဖွယ် ဖြစ်စေနိုင်ပါတယ်။

၇။ ပန်းသေပန်းညှိုးရောဂါကို ကုသဖို့ အိမ်တွင်းကုထုံးတွေကို စမ်းကြည့်ပါ။ သင့်မှာ လိင်စိတ်ဆန္ဒ ကျဆင်းနေတယ်လို့ ထင်ရင် ဒါမှမဟုတ် သင်ကိုယ်တိုင် (သို့မဟုတ်) သင့်လက်တွဲဖော်က လုံလောက်တဲ့ နှိုးဆွမှုတွေ ပေးနေပေမယ့် လိင်တံ တင်းမာဖို့ အခက်အခဲရှိနေတယ်ဆိုရင် အိမ်တွင်းကုထုံးတွေကို အရင်စမ်းကြည့်နိုင်ပါတယ်။ အိမ်တွင်းကုထုံးတွေက အလုပ်မဖြစ်ဘူးဆိုရင်တော့ နီးစပ်ရာ လိင်ကျန်းမာရေးအထူးကုဆရာဝန်နဲ့ ဆက်သွယ်ပြီး သင့်ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။

၈။ မတူညီတဲ့ လိင်ဆက်ဆံမှု ပုံစံတွေနဲ့ နေရာတွေကို စမ်းကြည့်ပါ။ ပုံမှန်ဆက်ဆံနေကျ ပုံစံတွေနဲ့ နေရာတွေက တစ်ခါတလေမှာ သင့်အတွက် စိတ်ကြွစေမှာ မဟုတ်ပါဘူး။ သင့်လက်တွဲဖော်က သဘောတူမယ်ဆိုရင် မတူညီတဲ့ ဆက်ဆံမှုပုံစံတွေကို စမ်းကြည့်နိုင်သလို အိမ်ထဲက နေရာအသစ်တွေကိုလည်း ပြောင်းလဲစမ်းသပ်နိုင်ပါတယ်။ တီထွင်ဖန်တီးမှု ရှိပါစေ။ စိတ်ဝင်စားစရာ အကြံဉာဏ်တွေရဖို့ ဂူဂယ် (Google) ကိုလည်း အသုံးပြုနိုင်ပါတယ်။

Ref: metromaleclinic