Luxury Brands အများစုဟာ ဥရောပတိုက်က လာတာ များပါတယ်။ ဥရောပဖက်ရှင်တွေဟာ ဆယ်စုနှစ်ပေါင်းများစွာ မျိုးရိုးစဉ်ဆက် နာမည်ဂုဏ်သတင်းနဲ့ ကျော်ကြားလာတဲ့ အမှတ်တံဆိပ်တွေ ဖြစ်ကြပါတယ်။ နာမည်ကျော်ရုပ်ရှင်မင်းသား ၊ အဆိုတော်တွေကနေ အားကစားလောကသားတွေအထိ ထင်ပေါ်ကျော်ကြားသူတွေအကြားမှာ Luxury Brands တွေဟာ ရေပန်းစားစမြဲပါ။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာတလွှားကျော်ကြားကြတဲ့ ဥရောပ Luxury ဖက်ရှင်တံဆိပ်တွေအကြောင်း မျှဝေတင်ဆက်လိုက်ပါတယ်။

(၁) Giorgio Armani

Photo: Next Luxury

Armani လို့ လူသိများတဲ့ အီတလီတန်ဖိုးကြီး ဖက်ရှင်အမှတ်တံဆိပ်ကို ဂျော်ဂျီယို အာမာနီက တည်ထောင်ခဲ့တာပါ။ ၁၉၇၅ ခုနှစ်က စတင် တည်ထေင်ခဲ့တဲ့ ဒီအမှတ်တံဆိပ်ဟာ အခုဆို အသင့်ဝတ် ဖက်ရှင်နဲ့ လယ်သာအသုံးအဆောင်တွေအပြင် ဖိနပ် ၊ နာရီ ၊ လက်ဝတ်ရတနာ ၊ မျက်မှန် ၊ အလှကုန်နဲ့ အိမ်တွင်းအလှဆင်ပစ္စည်းအထိ ထုတ်လုပ်ပါတယ်။

သပ်ရပ်လှတဲ့ ချုပ်သားနဲ့ ရိုးရှင်းသားနားတဲ့ စတိုင်တွေကြောင့် Giorgio Armani အမှတ်တံဆိပ်တွေက ထင်ရှားပါတယ်။ အသက် ၈၆ နှစ် ရှိပြီဖြစ်တဲ့ ဒီဇိုင်နာအာမာနီဟာ ဖက်ရှင်လောကထဲက အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး ‌ဒေါ်လာ ၆.၂၄ ဘီလျံ ကြွယ်ဝပါတယ်။ ဖက်ရှင်လောကမှာ အာမာနီဟာ လေးစားခံရဆုံးနဲ့ လူသိအများဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူတည်ထောင်ထားတဲ့ ကုမ္ပဏီလည်း တန်ဖိုးအမြင့်ဆုံးဖက်ရှင်ကုမ္ပဏီထဲမှာ ပါပါတယ်။

(၂) Brunello Cucinelli

Photo: Next Luxury

ဖက်ရှင်လောကမှာ အီတလီထုတ်ကုန်တွေက ကမ္ဘာကျော်ပါတယ်။ ဒီလို ကမ္ဘာကျော်အီတလီဖက်ရှင်အမှတ်တံဆိပ်တွေထဲမှာ Brunello Cucinelli အမှတ်တံဆိပ်လည်း ပါပါတယ်။ Brunello Cucinelli ကနေ အမျိုးသားဝတ် ၊ အမျိုးသမီးဝတ် အစုံထုတ်ပြီး ဥရောပ ၊ မြောက်အမေရိက နဲ့ အရှေ့အာရှနိုင်ငံတွေဆီ တင်ပို့ရောင်းချပါတယ်။ ၁၉၇၈ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Brand တစ်ခု ဖြစ်ပြီး တည်ထောင်သူနဲ့ CEO ကလည်း ဘရူနီလို ကူစင်းနယ်လီပဲ ဖြစ်ပါတယ်။

ဒဿနဒီဇိုင်းနာအဖြစ် ဆိုစမှတ်ပြုခံရတဲ့ ကူစင်းနယ်လီဟာ အသက် ၂၅ ခုနှစ်ကတည်းက Brunello Cucinelli အမှတ်တံဆိပ်ကို ဖန်တီးခဲ့တာပါ။ အသက် ၆၈ နှစ်အရွယ်မှာ သူဟာ ဒေါ်လာ ၂.၁ ဘီလျံ ချမ်းသာသူ ဖြစ်နေပါပြီ။ ကူးစင်းနယ်လီဟာ အမျိုးသမီးတွေအတွက် ဆန်းသစ်တဲ့ ကက်ချ်မဲယားဆိတ်မွေးချည်ဆွယ်တာ Knitwear ထိုးမှုကို တီထွင်ခဲ့တဲ့ ဒီဇိုင်နာတစ်ဦးလည်း ဖြစ်ပြီး ခေတ်ပြိုင်ဒီဇိုင်းတွေနဲ့ ပုံဖော်ရာမှာလည်း ထူးချွန်ကျော်ကြားသူ ဖြစ်ပါတယ်။

(၃) Louis Vuitton

Photo: Next Luxury

LV လို့ အတိုကောက်ခေါ်ကြတဲ့ Louis Vuitton ဟာ ပြင်သစ်အထင်ကရဖက်ရှင် အမှတ်တံဆိပ်ကြီး ဖြစ်ပြီး ၁၈၅၄ ခုနှစ်ကတည်းက လူးဝစ် ဗွီတွန်ဆိုတဲ့ ဖက်ရှင်ဒီဇိုင်နာကြီးက တည်ထောင်ခဲ့တာပါ။ LV ရဲ့ ထုတ်ကုန်တိုင်းက သန်းကြွယ်သူဌေးတွေမှ အနားကပ်နိုင်လောက်အောင် ဈေးမြောက်ပါတယ်။ ဈေးကြီးလှပေမယ့်လည်း LV ထုတ် ဂျက်ကတ် ၊ ဘောငး်ဘီ ၊ ခါးပတ် ၊ အိတ် ၊ လယ်သာပစ္စည်း ၊ ရေမွှေး ၊ ဖိနပ် စတဲ့ ဖက်ရှင်ထုတ်ကုန်တွေကို မက်မက်မောမော စုဆောင်းကြသူတွေလည်း အများအပြား ရှိနေကြပါတယ်။

Louis Vuitton ဟာ ၁၉၈၇ ခုနှစ်မှာ LVMH လုပ်ငန်းစုကြီးအောက် ရောက်လာခဲ့ပြီး သူဌေးကြီး ဘားနဒ် အားနော့တ်က ဦးစီးနေပါတယ်။ LVMH ရဲ့ အောက်မှာ တန်ဖိုးကြီး ဖက်ရှင်လုပ်ငန်း လက်ခွဲပေါင်း ၆၀ ဝန်းကျင်ရှိပြီး ဒီထဲမှာ TAG Heuer ၊ Christian Dior ၊ Givenchy ၊ Fendi ၊ Marc Jacobs ၊ Stella McCartney ၊ Loewe ၊ Loro Piana ၊ Kenzo ၊ Princess Yachts စတဲ့ အမှတ်တံဆိပ်တွေလည်း ပါဝင်နေပါတယ်။

(၄) Bottega Veneta

Photo: Next Luxury

မီလန်အခြေစိုက် အီတလီဖက်ရှင်တွေထဲမှာ နောက်ထပ် ကမ္ဘာကျော်တဲ့ အမှတ်တံဆိပ်တစ်ခုက Bottega Veneta ဖြစ်ပါတယ်။ မိုက်ကယ် တက်ဒယ်နဲ့ ရန်ဇို ဇန်ဂျီယာနိုတို့က ၁၉၆၆ ခုနှစ်က ဗီစန်ဇာမြို့မှာ တည်ထောင်ခဲ့တာပါ။ ၂၀၀၁ ခုနှစ်မှာ ဒီကုမ္ပဏီကို အီတလီဖက်ရှင်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Gucci Group က ဝယ်သွားခဲ့ပါတယ်။ ဒါကြောင့် ထိပ်တန်း ဥရောပဖက်ရှင်တွေအကြောင်း ပြောမယ်ဆိုရင် Gucci ရဲ့အောက်မှာ Bottega Veneta အမှတ်တံဆိပ်ပါ ထည့်ပြောရမှာ ဖြစ်ပါတယ်။

(၅) Our Legacy

Photo: Next Luxury

Our Legacy ကို ၂၀၀၅ ခုနှစ်က ဆွီဒင်မှာ တည်ထောင်ခဲ့ပါတယ်။ ကိုယ်တိုင်ထုတ်ထားတဲ့ ချည်တွေ ၊ ပြန်ယက်လုပ်မှုတွေနဲ့ လူသိများတဲ့ Brands ပါ။ ဒီ Brand ဒီဇိုင်းတွေဟာ Minimalist ဖြစ်တဲ့ အကွက်အစင်းတွေကို ဒီဇိုင်းကစားလေ့ရှိပြီး ဖက်ရှင်ဟောင်းတွေ Recycle လုပ်ဖို့အတွက်လည်း Work Shop တွေ ဖွင့်ကြပါတယ်။ နောက်ပိုင်းမှာ အဝတ်အစားအပြင် မျက်မှန် ၊ ဖိနပ် နဲ့ ရေမွှေးတွေလည်း ထုတ်လုပ်နေပါတယ်။

နောက်ထပ် နာမည်ကျော်တဲ့ ဥရောပဖက်ရှင်အမှတ်တံဆိပ်တွေကတော့ အီတလီက Prada နဲ့ Brioni ၊ ဂျာမနီက Hugo Boss နဲ့ ပြင်သစ်က Lacoste တို့လည်း ထည့်ပြီး ပြောရမှာပဲ ဖြစ်ပါတယ်။

Featured Photo: manbodyspirit