ကွီးတို့ ဘော်ဒါတွေထဲမှာ တွဲလိုက်တိုင်း တွဲတဲ့ ကောင်မလေးက ထားခဲ့လို့ ထာဝရ အသည်းကွဲသမားကြီး ဖြစ်နေတဲ့သူတွေ ရှိလား။
အဲလိုကွီးတွေမှာ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ ငါ ဒီလောက်သူ့ကိုချစ်တာ၊ ဂရုစိုက်တာတောင် သူက ငါ့ကိုထားသွားတယ် ဆိုတဲ့ စကားပါပဲ။
ပြီးရင် ထာဝရ အသည်းကွဲသမားကြီးတွေ မေးလေ့ရှိတဲ့ မေးခွန်းက ငါ ဘာမှားသွားလို့လဲ ဆိုတဲ့ မေးခွန်းပါ။ အမှားတချို့ကို အမှန်ပြင်နိုင်ဖို့ အောက်မှာ ဖော်ပြပေးပါမယ်။

၁။ သူမ ပြောတာကို နားထောင်ပေးပါ။
“ဒီနေ့ ဘာတွေဖြစ်ခဲ့လဲ၊ အဆင်ပြေရဲ့လား” လို့ မေးပြီး အဖြေကို အာရုံစိုက်နားထောင်ပါ။ အဲလိုလည်း မမေးသလို၊ ကောင်မလေးက လာပြောပြရင်လည်း နားမထောင်ဘဲ ကိုယ်ပြောချင်တာ၊ ကိုယ်ဖြစ်ချင်တာပဲ ပြောနေရင်တော့ စော်ပစ်ကောင် ဖြစ်ဖို့ ၁၀၀% သေချာနေပါပြီ။ ကောင်မလေးကလည်း ဒီဘဲ သူ့ကိုယ်သူပဲကြည့်တယ်၊ ငါ့ကို ဂရုမစိုက်ဘူး၊ ငါ့စိတ်ကို နားမလည်ဘူးလို့ သေချာပေါက် မှတ်ယူသွားပါလိမ့်မယ်။
၂။ ယုံကြည်စိတ်ချရတဲ့သူ ဖြစ်ပါစေ။
ရိုးသားပါ။ ပြောထားတာကို လုပ်ပါ။ အမှားရှိရင် ဖုံးကွယ်မထားပါနဲ့။ အဲဒီအချက်က အရေးကြီးပါတယ်။ ကွီးတို့ မှားရင်တောင် ပွင့်ပွင့်လင်းလင်း ဝန်ခံပြီးမှားလိုက်ပါ။ ငါဟာ လူသားတစ်ယောက်ဖြစ်လို့ အမှားလုပ်မိလိမ့်မယ်။ ဒါပေမဲ့ ငါ မင်းကို ဘယ်တော့မှ မလိမ်ဘူး လို့ ရဲရဲဝံ့ဝံ့ ပြောပါ။ မိန်းကလေးတွေဟာ သူတို့ကသာ ဖုံးကွယ်ချင် ဖုံးကွယ်မှာပါ။ သူတို့ကို ဖုံးကွယ်ထားတယ်လို့ ယူဆရင်တော့ ရေရှည်လက်တွဲဖို့ စိတ်မဝင်စားတော့ပါဘူး။ မမျှတဘူးထင်ရင်လည်း မတတ်နိုင်ပါဘူး။ ဒါက ဝီးမန်းတွေရဲ့ မွေးရာပါ အခွင့်အရေးလို ဖြစ်နေတာ့ပါ။

၃။ သူမကို တန်ဖိုးထားကြောင်း ပြောပါ။
“မင်းရှိနေလို့ ကိုယ်ပျော်တယ်”၊ “ကိုယ့်အတွက် ကြိုးစားပေးတာ ကျေးဇူးတင်တယ်” လို့ စိတ်ရင်းနဲ့ ပြောပေးပါ။ စိတ်ရင်းနဲ့နော် ကွီးတို့။ မင်းမရှိရင် မဖြစ်လို့ ဆိုတဲ့ သီချင်းကို အမြဲဆိုပြပါ။ မင်းထားသွားရင် ကိုယ်တော့ သော်ကေ မှာပဲဆိုပြီး ဒရာမာ ခင်းပြစရာ မလိုပါဘူး။ ဒါပေမဲ့ မင်းရှိနေလို့ ငါဟာ လူပီသအောင် ကြိုးစားချင်လာတာပါ။ ငါ့ဘဝဟာ အဓိပ္ပါယ်ရှိတာပါဆိုတာကို စိတ်ရင်းနဲ့ ပြောပြပေးဖို့ လိုပါတယ်။
နောက်တစ်ချက်က ကောင်မလေးက ကိုယ့်အတွက် တစ်ခုခု လုပ်ပေးတာ၊ ကြိုးစားပေးတာကို ကြုံလာရင် စိတ်ရင်းနဲ့ အသိအမှတ်ပြုပေးပါ။
၄။ ပြဿနာတွေကို နှစ်ယောက်အတူ ဖြေရှင်းပါ။
(ကွီးတို့ရဲ့ ရန်ပွဲတိုင်း ကောင်မလေးကို ဆွဲထည့်ဖို့ ပြောတာ မဟုတ်ဘူးနော်။) သူမနဲ့ ကိုယ်ဆိုပြီး ရန်သူလို မမြင်ဘဲ ပြဿနာကို နှစ်ယောက်အတူ ရင်ဆိုင်ပါ။ ကောင်မလေးနဲ့ ကွီးနဲ့ အမြင်မတူတိုင်း၊ အယူအဆ မတူတိုင်း မင်းနဲ့ငါ ဆိုပြီး ခွဲခြားလိုက်ရင် ပြဿနာက ဖြေရှင်းလို့မရတဲ့အပြင် ပိုပြီးကြီးသွားပါလိမ့်မယ်။
ဒီပြဿနာကို ငါတို့ ဘယ်လိုရှုမြင်ကြမလဲ၊ ဘယ်လိုဖြေရှင်းကြမလဲ ဆိုပြီး အတူတူ အဖြေရှာ၊ အတူတူ ဖြေရှင်းစေချင်တာပါ။ အဲဒီလို အတူတူမဖြေရှင်းဘဲ မင်းနဲ့ငါ ဆိုပြီးခွဲခြားသူတွေဟာ လက်တွဲဖော်တစ်ယောက်အနေနဲ့ ရေရှည်လက်တွဲဖို့ မသင့်တော်ပါဘူး။

၅။ ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ပါ။
စိတ်ခံစားမှုကို ထိန်းချုပ်တတ်အောင်၊ တာဝန်ယူတတ်အောင်၊ အလုပ်အကိုင်နဲ့ ဘဝရည်မှန်းချက်တွေမှာ တိုးတက်အောင် ကြိုးစားပါ။ စိတ်ခံစားမှုကို မထိန်းချုပ်တတ်ရင် အမြဲပဲ ပြဿနာ ဖြစ်မယ်။ ဒေါသကြီးမယ်။ ပြဿနာဖြစ်ပြီးတိုင်းလည်း တာဝန်ယူတတ်ဖို့ လိုပါတယ်။ ကိုယ်လုပ်တာ ကိုယ်တာဝန်ယူမှ “ယောက်ျားကောင်း” ပါ။ တစ်ခုခုဖြစ်ပြီးတိုင်း ရှောင်ထွက်ပြေးတဲ့သူကို ဘယ်ကောင်မလေးကမှ ယုံကြည်ပြီး ရေရှည်လက်တွဲဖို့ စဉ်းစားမှာ မဟုတ်ပါဘူး။ အလုပ်အကိုင်အတည်တကျမရှိ၊ ရည်မှန်းချက်မရှိရင်လည်း မဖြစ်သေးပါဘူး။
အရေးကြီးဆုံး မှတ်ထားရမယ့်အချက်
သူမကို ဆုံးရှုံးမှာကြောက်လို့ အမြဲလိုက်တောင်းပန်နေတာ၊ ကိုယ့်ကိုယ်ကို စွန့်လွှတ်နေတာ၊ သူမရဲ့အလိုကို အရာရာလိုက်ဖြည့်ပေးနေတာက ရေရှည်အချစ်ကို အာမခံမပေးနိုင်ပါဘူး။
Healthy relationship ဆိုတာ တစ်ယောက်က တစ်ယောက်ကို မထားသွားနိုင်အောင် ချုပ်နှောင်ထားခြင်းမဟုတ်ဘဲ နှစ်ယောက်စလုံးက ဆက်လက်လက်တွဲချင်လို့ အတူရှိနေကြခြင်းပါ။
အပေါ်မှာပြောထားတဲ့ အချက် ၅ ချက်လုံးကို နေ့စဉ်ပြုလုပ်ရမယ်လို့ မဆိုလိုပါဘူး။ အဲဒီအချက်တွေထဲက တစ်ချက်ချက်နဲ့ ကြုံလာတိုင်း အကြံပေးထားသလို ပြုလုပ်ဖို့ပဲ ဆိုလိုတာပါ။
Ref: wisdom of love


