ဘဝမှာ တစ်ခါလောက် Solo ခရီးထွက်မယ်လို့ စိတ်ကူးရှိတယ်ဆိုရင် ကွီးတို့ ဒီဆောင်းပါးလေးကို အဆုံးထိ ဖတ်ကြည့်လိုက်ပါ။ Solo ခရီးထွက်စရာ ခရီးသွားနေရာတွေ အများကြီးရှိတဲ့အထဲကမှ စာရေးသူကတော့ ဒီတစ်ခေါက်မှာ ဗီယက်နမ်နိုင်ငံကို ညွှန်းပေးချင်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ နိုင်ငံခြားခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး အာရှနိုင်ငံတွေထဲကတစ်ခု ဖြစ်ပြီး ဗီယက်နမ် လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ရာ သမိုင်းရာဇဝင်တွေ ၊ ကားသံ / မော်တော်ဆိုင်ကယ်သံတွေနဲ့ ဆူညံစည်းကားနေတဲ့ မြို့ပြ ပုံရိပ်တွေ ၊ ခေတ်ဟောင်းသမိုင်းဝင် လည်ပတ်စရာနေရာတွေနဲ့ အနံ့တလူလူ သင်းကြိုင်နေတဲ့ ဗီယက်နမ်ရိုးရာ လမ်းဘေးအစားအစာတွေက ကွီးတို့ရဲ့ တစ်ကိုယ်တော် ခရီးအတွက် ပြီးပြည့်စုံတဲ့ အမှတ်တရတွေကို ဖန်တီးပေးပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ ဗီယက်နမ် ကို ခရီးသွားမယ်ဆိုရင် ကွီးတို့ သေချာပေါက် သွားလည်သင့်တဲ့ မြို့တွေကို ပြောပြပေးချင်ပါတယ်။

(၁) Hanoi

Photo : Vietnam Original Travel

ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် Hanoi ကတော့ နှစ်ရာစုများစွာ သက်တမ်းရှိတဲ့ ရှေးဟောင်း ဗိသုကာလက်ရာ အဆောက်အဦးတွေ ၊ ဗီယက်နမ် လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ရာ ရိုးရာယဉ်ကျေးမှုတွေကြောင့် နာမည်ကျော်ပါတယ်။ Hanoi ကို ရောက်တဲ့အခါ စည်ကားသက်ဝင်နေတဲ့ ဒေသတွင်းဈေးတွေ ၊ လမ်းမပေါ်အထိ ကော်ဖီနံ့ လှိုင်လှိုင်မွှေးနေတဲ့ နာမည်ကြီး ဗီယက်နမ်ကော်ဖီဆိုင်တွေ ၊ အရသာရှိတဲ့ ဗီယက်နမ်ရိုးရာ လမ်းဘေးအစားအစာဆိုင်တွေနဲ့ ပြည့်နှက်နေတဲ့ Old Quarter လို့ခေါ်တဲ့ နေရာလေးဆီ မဖြစ်မနေ သွားရောက်လည်ပတ်ဖို့ ညွှန်းပေးချင်ပါတယ်။

(၂) Halong Bay

Photo : Klook Travel

ဗီယက်နမ်မှာ သိပ်ကိုလှသလို သိပ်လည်းနာမည်ကြီးတဲ့ UNESCO ကမ္ဘာ့အမွေအနှစ်နေရာ Halong Bay ကတော့ မသွားမဖြစ် သွားလည်ရမယ့်‌ နေရာတစ်ခု ဖြစ်ပါတယ်။ ကျောက်စိမ်းရောင် ရေပြင်ကျယ်ကြီးနဲ့ လှပတဲ့ ကျွန်းထောင်ချီ တည်ရှိရာ ဗီယက်နမ်ရဲ့ နှလုံးသား နေရာတစ်ခု ဖြစ်ပါတယ်။ သာယာလှပတဲ့ ကျွန်းတွေဆီ သွားရောက်လည်ပတ်နိုင်ပြီး ဗီယက်နမ် ရိုးရာ Junk Boats စီးရတဲ့ အတွေ့အကြုံကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။

(၃) Hoi An

Photo : Wanderlust Magazine

Hoi An ဆိုတာ ဗီယက်နမ်နိုင်ငံရဲ့ ချစ်စရာ ခေတ်ဟောင်းဆိပ်ကမ်းမြို့လေးဖြစ်ပြီး တစ်မြို့လုံးနီးပါး အဝါရောင်အိမ်ငယ်လေးတွေနဲ့ ပြည့်နှက်နေသလို ညနေခင်းတွေမှာ မီးပုံးလေးတွေ ထွန်းညှိထားတဲ့ လမ်းတွေကြောင့် ခရီးသွားချစ်သူတွေကြားမှာ ကျော်ကြားတဲ့ UNESCO ကမ္ဘာ့အမွေအနှစ်နေရာ ရှေးဟောင်းမြို့လေး ဖြစ်ပါတယ်။ ဗီယက်နမ် လူမျိုးတွေရဲ့ ရှေးအကျဆုံး ရိုးရာယဉ်ကျေးမှုတွေကို စူးစမ်းလေ့လာနိုင်မှာ ဖြစ်သလို တစ်မြို့လုံး ထူးခြားတဲ့အငွေ့အသက်တွေနဲ့ တော်တော်လေး အေးချမ်းတဲ့မြို့လေး ဖြစ်တာကြောင့် ကွီးတို့ သွားရောက်လည်ပတ်သင့်ပါတယ်။

(၄) Sapa

Photo : VinWonders

Sapa ဆိုတဲ့ မြို့လေးကတော့ တကယ်ကိုမှ ရင်သပ်ရှုမောဖွယ် သဘာဝရှုခင်းတွေနဲ့ ဗီယက်နမ်တိုင်းရင်းသား လူနည်းစု နေထိုင်ကြတဲ့ မြောက်ပိုင်းတောင်တန်းတွေပေါ်က အထူးခြားဆုံး ခရီးသွား နေရာလေးတစ်ခု ဖြစ်ပါတယ်။ ဖော်ရွေတဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ ရင်းနှီးပျူငှာတဲ့ ကြိုဆိုမှုတွေက ကွီးတို့ရင်ထဲ နွေးထွေးတဲ့ ခံစားချက်ကို ဖြစ်ပေါ်ခံစားရစေမှာ ဖြစ်သလို မျက်စိတဆုံး ကျယ်ပြောလှတဲ့ ဒေသတွင်း စပါးခင်းတွေ ၊ လှပတဲ့ တောင်တန်းတွေလို သဘာဝရှုခင်းတွေနဲ့ စိတ်ရောကိုယ်ပါ မွန်းကြပ်မှုတွေ ပြေပျောက်စေမယ့် နေရာလေးတစ်ခုပဲ ဖြစ်ပါတယ်။

Source : Klook Travel

Featured Photo : Hostelworld