ကင်မရွန်းနိုင်ငံမှာ အာဖရိကဖလားပြိုင်ပွဲကို ကျင်းပနေတဲ့ ဘောလုံးကွင်းပြင်ပမှာ လူအုပ်စုလိုက် တိုးဝှေ့ရင်း လူနင်းခံရမှုကြောင့် အနည်းဆုံး ပရိသတ် ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

AFCON tragedy: Six dead, 40 injured in stampede at Olembe Stadium

Photo: PM News Nigeria

ကင်မရွန်းနိုင်ငံရဲ့ မြို့တော် Yaounde က Olembe ကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ကင်မရွန်းနဲ့ ကွန်းမရို့စ် ကျွန်းစုများအသင်းတို့ရဲ့ ၁၆ သင်းရှုံးထွက်ပွဲစဉ်ကို ကြည့်ရှုခွင့်ရရှိဖို့ ပရိသတ်အုပ်ကြီးက ကြိုးပမ်းရင်း ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကင်မရွန်း အာဏာပိုင်တွေက ဒီထက်ပိုပြီး အသေအပျောက်ရှိနိုင်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပြီး အနီးနားက ဆေးရုံတစ်ခုရဲ့အဆိုအရ လူနင်းခံရမှုကြောင့် ဒဏ်ရာရရှိထားတဲ့ အယောက် ၄၀ လောက် ကုသပေးခဲ့ရတယ်လို့ သိရပါတယ်။

Olembe ဘောလုံးကွင်းဟာ ပရိသတ်ဦးရေ ၆ သောင်းအထိ ဝင်ဆံ့တဲ့ ကွင်းဖြစ်ပေမယ့် ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် ဝင်ဆံ့တဲ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းထက် ပိုပြီး လက်ခံလို့ မရနိုင်တာဖြစ်ပါတယ်။ ပွဲ တာဝန်ရှိသူတွေရဲ့ ပြောစကားအရ ပရိသတ်ဦးရေ ၅ သောင်းလောက်ဟာ ပွဲကြည့်ရှုခွင့် ရရှိဖို့အတွက် ကြိုးပမ်းခဲ့ကြတယ်လို့ သိရပါတယ်။

Vincent Aboubakar's Goal

Photo: Skynews

“ဒဏ်ရာရရှိသူတွေထဲက အချို့ဟာ ပြင်းထန်တဲ့အခြေအနေမှာ ရှိနေပါတယ်။ ကျွန်မတို့အနေနဲ့ သူတို့ကို အထူးကုဆေးရုံကို လွှဲပြောင်းပေးရပါလိမ့်မယ်”လို့ Messassi ဆေးရုံမှာ သူနာပြုအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အိုလင်ဂါ ပရူးဒန့်စ်က ပြောကြားခဲ့ပါတယ်။ ကွင်းပြင်ပမှာ ပရိသတ်အုပ်ကြီး ရုန်းရင်းဆန်ခတ် တိုးဝှေ့ပြီး လူသေဆုံးမှုတွေ ရှိခဲ့ပေမယ့်လည်း ရှုံးထွက်ပွဲစဉ်ဟာ စီစဉ်ထားတဲ့အတိုင်း ယှဉ်ပြိုင်ကစားခဲ့ပြီး ၁ ယောက်လျော့နေတဲ့ ကွန်းမရို့စ်ကို ကင်မရွန်းအသင်းက ၂-၁ နဲ့ အနိုင်ရရှိပြီးနောက် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အီကန်ဘီနဲ့ အဘူဘာကာတို့ရဲ့ သွင်းဂိုးတွေကြောင့် ကင်မရွန်းအသင်းဟာ အာဖရိကဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ကွန်းမရို့စ် ကျွန်းစုများအသင်းအတွက် ချေပဂိုး၁ ဂိုးကို ယူဆွတ်ဖ် အမ်ချမ်ဂမာက တည်ကန်ဘောကနေ အလွန်ကောင်းမွန်တဲ့ တိုက်ရိုက်ကန်သွင်းမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Featured Photo: Metro