အားကစားသမားတစ်ယောက်ရဲ့ နေဝင်ချိန်ဟာ အပြင်းအထန်ပြိုင်ဆိုင်မှုတွေ မရှိဘဲ ငြိမ်းချမ်းတဲ့နေရာမှာ ဖြစ်သင့်ပါတယ်။ ဒါပေမယ့်လည်း အားကစားသမိုင်းမှာ ကွင်းထဲမှာတင် အသက်ဆုံးပါးသွားရှာတဲ့ အားကစားတွေလည်း ရှိပါတယ်။ ဒီလို ကံမကောင်း အကြောင်းမလှခဲ့တဲ့ အားကစားသမားတွေထဲကမှ နာမည်ကြီးအားကစားသမားတချို့အကြောင်း ဖော်ပြလိုက်ပါတယ်။
(၁) Ray Chapman

Photo: sportsshow
အမေရိကန် ဘေ့စ်ဘောသမား ရေးချက်ပ်မန်းဟာ အားကစားသမားဘဝတစ်လျှောက်လုံး Cleveland Indians အသင်းအတွက် ခံစစ်သမားတစ်ယောက်အဖြစ် ကစားလာခဲ့သူဖြစ်ပါတယ်။ မေဂျာလိဂ်ဘေ့စ်ဘောလောကမှာ ပွဲကစားနေစဉ် ထိခိုက်ဒဏ်ရာနဲ့ အသက်ဆုံးပါးခဲ့ရတဲ့ တစ်ဦးတည်းသော ဘေ့စ်ဘောသမားလည်း ဖြစ်ပါတယ်။
၁၉၂၀ ဩဂုတ်လ ၁၆ ရက်နေ့က Polo Grounds မှာ New York Yankees အသင်းနဲ့ ယှဉ်ပြိုင်ကစားစဉ်မှာ ယန်းကီးဘက်က ကားလ်မေးစ်ရိုက်လိုက်တဲ့ ဘေ့စ်ဘောလုံးနဲ့ ခေါင်းကို ထိမှန်ပြီး လဲကျသွားခဲ့တာပါ။ ဒဏ်ရာကြောင့် New York City ဆေးရုံကို တင်ထားပြီး ၁၂ နာရီအကြာမှာ အသက်ဆုံးပါးသွားခဲ့ပါတယ်။
(၂) Antonio Puerta

Photo: sportsshow
စပိန်ဘောလုံးသမား အန်တိုနီယို ပူအာတာဟာ စပိန်နိုင်ငံတကာဘောလုံးအသင်း ၊ စပိန်ယူ ၂၁ ၊ စပိန်ယူ ၂၃ စတဲ့အသင်းတွေအပြင် ဆီဗီးလားအသင်းမှာလည်း နောက်တန်းအလယ်လူနဲ့ ဘယ်အထောင်တိုက်စစ်အဖြစ် ကစားခဲ့ဖူးတဲ့ ကစားသမား ဖြစ်ပါတယ်။ ပူအာတာ ဆီဗီလားကစားသမားဘဝမှာ အသင်းနဲ့အတူ အဓိကဖလား ၅ လုံးရအောင်စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
၂၀၀၇ ဩဂုတ်လ ၂၅ ရက်နေ့ ဂီတာဖေးနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ နှလုံးဖောက်ပြီး လဲကျသွားခဲ့ပါတယ်။ ပူအာတာဟာ ညာဘက်သွေးအထိန်းခန်း ပျက်စီးမှုကြောင့် ဩဂုတ်လ ၂၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
(၃) Duk Koo Kim

Photo: sportsshow
တောင်ကိုရီးယားလက်ဝှေ့သမား ဒက်ခ်ခူးကင်မ်ဟာ ပွဲ ၂၀ ထိုးသတ်ရာမှာ ၁၇ ပွဲအနိုင်ရထားတဲ့ လက်ဝှေ့သမားတစ်ဦးဖြစ်ပါတယ်။ အနိုင်ရထားတဲ့ ပွဲတွေထဲမှာ ဘယ်ဘက်ထောက်လက်သီးတွေနဲ့ အလဲထိုးနိုင်ခဲ့တာက ၈ ပွဲရှိခဲ့ပါတယ်။၁၉၈၂ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာ ရေးမန်စီနီနဲ့ ထိုးသတ်တဲ့ ကမ္ဘာ့ချန်ပီယံရှစ်လက်ဝှေ့ပွဲမှာ အသက်ပါသွားခဲ့တာ ဖြစ်ပါတယ်။
မန်စီနီရဲ့ ပြင်းထန်လှတဲ့ ညာလက်သီးထိုးချက်တွေကြောင့် ကင်မ်တစ်ယောက် ကြိုးဝိုင်းထောင့်ကို ပုံကျသွားတာ တွေ့လိုက်ရတဲ့ ဒိုင်လူကြီး ရစ်ချတ်ဂရင်းဟာ ပွဲကို ချက်ချင်းရပ်စေခဲ့ပါတယ်။ ပွဲချီ ၁၄ ချီ ၁၉ စက္ကန့်မှာ မန်စီနီက အလဲထိုးသွားတာပါ။ ဆေးရုံကို အမြန်ပို့ခဲ့ပေမယ့် ခေါင်းခွံထဲ သွေး ၁၀၀ စီစီ ရောက်ပြီး သွေးခဲပိတ်ဆို့တာကြောင့် ၄ ရက်အကြာမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။
(၄) Frank Hayes

Photo: sportsshow
၂၀ ရာစုနှစ်ရဲ့ ပထမနှစ် နှစ်ဆယ်အတွင်း ဖရန့်ခ်ဟေးယက်စ်ဟာ အမေရိကန်ဂျော်ကီသမားတွေထဲမှာ နာမည်ကြီး ချန်ပီယံတစ်ဦး ဖြစ်ခဲ့ပါတယ်။ ၁၉၂၃ ဇွန်လ ၄ ရက်နေ့ နယူးယော့ခ်ပြည်နယ် ဘဲလ်မောင့်ပါ့ခ်မှာ ကျင်းပတဲ့ ပြိုင်ပွဲတစ်ခုမှာ နှလုံးထဖောက်ခဲ့တာပါ။ သူ့မြင်း Sweet Kiss နဲ့ အပြေးပြိုင်နေစဉ်မှာ နှလုံးရပ်သွားခဲ့ပြီး ကုန်းနှီးပေါ်မှာ လူက တောက်လျှောက်ပါသွားခဲ့တာပါ။
ပြိုင်ပွဲမှာကတည်းက သူဟာ အသက်ထွက်နေပြီလို့ အထောက်အထားတွေက ပြနေပါတယ်။ သူ့မြင်း Sweet Kiss ဟာ အသက်မဲ့နေတဲ့ သူ့ဂျော်ကီကို ထမ်းပြီး ပန်းတိုင်ကို အစောဆုံး ဝင်နိုင်ခဲ့တာကြောင့် ဟေးယက်စ်ဟာ သေပြီးနောက်မှာတောင် ပြိုင်ပွဲမှာ အနိုင်ရအောင် မြင်းကို စီးသွားခဲ့တဲ့ တစ်ဦးတည်းသောဂျော်ကီအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Sweet Kiss လည်း နောက်တော့ Sweet Kiss of Death အဖြစ် နာမည်ပြောင် ပေးခံခဲ့ရပါတယ်။
(၅) Marc Vivien Foe

Photo: sportsshow
ကင်မရွန်းကွင်းလယ်လူ မက်စ်ဗီဗီယန်ဖိုးဟာ ကင်မရွန်းအမျိုးသား လက်ရွေးစင်အသင်းအတွက်လည်း ကွင်းလယ်ကစားသမားအဖြစ် ပွဲပေါင်း ၆၄ ပွဲ ကစားခဲ့သူ ဖြစ်သလို ဝက်စ်ဟမ်း ၊ အိုလံပစ်လီယွန်းနစ် နဲ့ မန်ချက်စတာစီးတီး စတဲ့အသင်းကြီးတွေမှာလည်း ကစားခဲ့ဖူးပါတယ်။ နိုင်ငံတကာပွဲတွေမှာ ၈ ဂိုးသွင်းခဲ့ပြီး ကလပ်အသင်း ပွဲပေါင်း ၂၀၁ ပွဲမှာ ၂၄ ဂိုး သွင်းနိုင်ခဲ့တဲ့ ဘောလုံးသမားပါ။
၂၀၀၃ ဖီဖာကွန်ဖက်ဒရေးရှင်းဖလားမှာ ကင်မရွန်းနဲ့ ကိုလံဘီယာ ဆီမီးဖိုင်နယ်ကစားစဉ် အသက်ဆုံးခဲ့ရတာပါ။ ပြင်သစ်နိုင်ငံ လိုင်ယွန်က Stade de Gerland ကွင်းမှာ ကစားနေစဉ် ၇၂ မိနစ်အရောက်မှာ နှလုံးဖောက်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
