အာဆင်နယ်ကြယ်ပွင့်တိုက်စစ်မှူး အော်ဘာမီယန်းဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်ကစားသမားဖြစ်ပြီး အာဆင်နယ်အသင်းဟာ ယခုရာသီကုန်မှာ ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားကို ရောင်းထုတ်ပြီး ငွေကြေးရယူသွားဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့ဟာ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အော်ဘာမီယန်းကို ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေပြီး အာဆင်နယ်အသင်းဟာ လာမယ့်လအနည်းငယ်အတွင်း အော်ဘာမီယန်းကို ရောင်းချမယ်ဆိုရင် ပေါင်သန်း ၅၀ ဝန်းကျင်ရရှိနိုင်မှာဖြစ်ပါတယ်။

Photo: TalkSports

ဒါပေမယ့်လည်း အာဆင်နယ်ကြယ်ပွင့်ဟောင်း ဆက်ဂ်နာက အော်ဘာမီယန်းကို ထွက်ခွာခွင့်ပြုလိုက်မယ်ဆိုရင် အာဆင်နယ်အသင်းဟာ ပေါင်သန်း ၁၅၀ တန် အမှားအယွင်းကို ပြုလုပ်မိတာ ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပြီး ယင်းဆုံးဖြတ်ချက်ဟာ ၂၀၁၂ ခုနှစ်တုန်းက ဗန်ပါစီရဲ့ ကိစ္စတုန်းကနဲ့ ဆင်တူနေတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

ရော်ဘင်ဗန်ပါစီဟာ ၂၀၁၂ ခုနှစ်မှာ အာဆင်နယ်အသင်းကနေ ပြိုင်ဘက်မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် ယူနိုက်တက်ကို ပရီးမီးယားလိဂ်ဖလားရရှိအောင် အကောင်းဆုံးခြေစွမ်းနဲ့ ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

“သူ အခုအချိန်မှာ သွားလို့မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အာဆင်နယ်အသင်းဟာ ပြန်လည်တောင့်တင်းလာအောင် တည်ဆောက်နေရတဲ့အချိန်ကာလမှာရှိနေလို့ပါ”

Source : Daily Mail

“သူတို့ သူ့ကို ဆုံးရှုံးဖို့ မတတ်နိုင်ပါဘူး။ တကယ်လို့ ပေးစရာရှိရင် သူ့ကိုပဲ ပေးရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့တွေ သူ့လိုအရည်အသွေးမျိုးနဲ့ တစ်ယောက်ယောက်ကို လိုချင်ရင် ပေါင်သန်း ၁၅၀ လောက် ကုန်ကျမှာမို့လို့ပါ”

“အဲဒီတော့ ပေါင်သန်း ၁၅၀ မသုံးစွဲပဲ ပေါင်သန်း ၅၀ ကို သူ့ကိုပဲ ပေးလိုက်ပါ။ ဒီအခြေအနေက ဗန်ပါစီတုန်းကလို အတူတူပါပဲ။ အဲဒီအခြေအနေကနေ ခင်ဗျား လေ့လာသင်ယူရမယ်လို့ ကျွန်တော် ထင်ပါတယ်”

“အူဘာက အဲဒါနဲ့ ထိုက်တန်ပါတယ်။ သူ့ရဲ့နာမည်ကြောင့် ကျွန်တော် ပြောနေတာမဟုတ်ပါဘူး။ သူ ဂိုးအနည်းငယ်သွင်းယူခဲ့လို့လည်း ပြောနေတာမဟုတ်ပါဘူး။ သူက လိဂ်မှာ အကောင်းဆုံးတိုက်စစ်မှူးပါ”လို့ ပြောကြားခဲ့ပါတယ်။