အသက်အရွှယ်အရ အိုမင်းရင့်ရော်မှုကို လူတိုင်းရှောင်လွဲလို့မရနိုင်ပါဘူး။ သို့သော်လည်း ငယ်ရွှယ်စဉ်မှာကတည်းက ရှိရင်းစွဲအသက်ထက်ပိုပြီး ရင့်နေတာမျိုးကတော့ မှားယွင်းမှုတစ်ခုခုရှိနေတာကြောင့်လို့ဆိုနိုင်ပါတယ်။ မျိုးရိုးဗီဇလက္ခဏာတွေကြောင့် ရုပ်ရင့်နေတာမျိုးရှိသလို တချို့သော နေ့စဉ်ဘဝအလေ့အထအမှားတွေကလည်း သင့်ကိုရှိရင်းစွဲထက်ရုပ်ရင့်စေနိုင်ပါတယ်။
(၁) စိတ်ဖိစီးမှုမလျော့ချခြင်း

Source : Freepik
စိတ်ဖိစီးမှုတွေက သင့်ခန္ဓာကိုယ်နှင့် စိတ်ကျန်းမာရေးကို ဆိုးရွာစွာထိခိုက်စေပါတယ်။ ဒါ့ထက်ပိုဆိုးတာက သင့်ရဲ့ရုပ်ရည်သွင်ပြင်ကိုပါ သက်ရောက်မှုရှိစေပြီး ရှိရင်းစွဲအသက်ထက်ကိုပိုပြီး ရင့်သွားစေတာပါ။ ဒါကြောင့် ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေကိုအတက်နိုင်ဆုံးလျော့ချပေးဖို့ လိုအပ်ပြီး စိတ်ဖိစီးမှုလျော့စေမယ့် ယောဂလေ့ကျင့်ခန်းတွေ တရားထိုင်ခြင်းတွေလုပ်ပေးသင့်ပါတယ်။
(၂) ဆေးလိပ်နဲ့အရက်သောက်သုံးခြင်း

Source : India Today
ဆေးလိပ်နဲ့ အရက်သောက်သုံးခြင်းဟာ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုနှေးကွေးစေပြီး အရေပြားပေါ်ကဆဲလ်တွေကို ပျက်စီးဆုံးရှုံးစေနိုင်ပါတယ်။ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း ဆေးလိပ် ၊ အရက်သောက်သုံးခြင်းက ခန္ဓာကိုယ် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ နှလုံး အဆုတ် အသည်းတို့ကိုပျက်စီးစေတဲ့ ဆိုးကျိုးတွေကိုပိုမိုသက်ရောက်စေနိုင်တာကြောင့် ရှောင်ကျဉ်ဖို့ အကြံပြုချင်ပါတယ်။
(၃) အစာအာဟာရပြည့်ဝအောင်မစားခြင်း

Source : istock
အစာရှောင်တိုင်းလည်း ကောင်းတယ်လို့ပြောလို့မရပါဘူး။ ခန္ဓာကိုယ်မှာလိုအပ်တဲ့ အာဟာရဓာတ်ပြည့်ဝစွာစားသုံးပေးဖို့တော့ လိုအပ်ပါတယ်။ လက်ဆတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ အိုမီဂါ သရီး ဖက်တီအက်စစ်ကြွယ်ဝစွာပါဝင်တဲ့ သံလွင်ဆီ ငါး ထောပတ်သီး နဲ့ အစေ့အဆန် ဥအမျိုးမျိုးစတဲ့ အစားအစာတွေကို မဖြစ်မနေစားသုံးပေးဖို့လိုပါတယ်။ ကိုယ်စားသုံးလိုက်တဲ့ အစာအာဟာရဓာတ်က အသားအရေ ကျန်းမာနုပျိုခြင်းတွေမှာလည်း သက်ရောက်မှုရှိနေလို့ပါ။
(၄) အိပ်ချိန်ပြည့်ဝအောင်မအိပ်ခြင်း

Source : Showbiz Cheat Sheet
အိပ်ရေးပျက်ခြင်းက သင့်ရဲ့နုပျိုခြင်းတွေကို တဖြေးဖြေးခြင်း စုပ်ယူသွားတဲ့ အလေ့အထအမှားကြီးတစ်ခုဖြစ်ပါတယ်။ အိပ်ချိန်ပြည့်ဝစွာ အိပ်စက်အနားယူမှသာ ခန္ဓာကိုယ်မှာစွမ်းအင်ပြည့်ဝနေပြီး လန်းဆန်းတက်ကြွနေမှာဖြစ်သလို အရေပြားဆဲလ်အသစ်တွေတဖန်မွေးဖွားရာမှာလည်း အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ သဘာဝအတိုင်းနုပျိုလန်းဆန်းခြင်းရဲ့ဆေးစွမ်းကောင်းက အိပ်ရေးဝဝအိပ်စက်ခြင်းဆိုတာ မမေ့သင့်ပါဘူး။
