မြန်မာနှစ်သစ်ကူးကာလဖြစ်တဲ့ သင်္ကြန်အချိန်အခါကိုလည်း ဖြတ်သန်းခဲ့ကြပြီးပြီဆိုတော့ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဘဝသစ်ကိုဖြတ်သန်းချင်ကြမယ်ထင်ပါတယ်။ နှစ်ဟောင်းမှာရရှိခဲ့တဲ့ အဆင်မပြေမှု ၊ ကျရှုံးမှုတွေကို သင်ခန်းစာယူပြီး နှစ်သစ်ကို ရည်မှန်းချက်အပြည့် အားအင့်အပြည့်နဲ့ ရဲရဲဝံ့ဝံ့ရှေ့ဆက်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုရည်မှန်းချက်အပြည့်နဲ့ ပန်းတိုင်သစ်ဆီ လျှောက်လှမ်းနိုင်ဖို့ဆိုရင် ကိုယ့်ဘဝရဲ့ မကောင်းတဲ့အချက်တွေကို နှစ်ဟောင်းမှာထားခဲ့ဖို့လိုပါတယ်။ နှစ်ဟောင်းမှာပဲ အပြီးတိုင် စွန့်လွှတ်ထားခဲ့ပြီး နှစ်သစ်ကို လုံးဝသယ်မသွားသင့်တဲ့အရာတွေက ဘာတွေဖြစ်မလဲဆက်ဖတ်ကြည့်ရအောင်။

(၁) ပျင်းရိခြင်း

Source : Scott Alan Turner

နှစ်ဟောင်းမှာ လုံးဝထားခဲ့သင့်တဲ့ အကျင့်ဆိုးတွေထဲမှာ ပျင်းရိခြင်းက ထိပ်ဆုံးကပါဝင်နေပါတယ်။ အောင်မြင်မှုပန်းတိုင် အရာက်လှမ်းချင်တဲ့သူတစ်ယောက်အနေနဲ့ ပျင်းနေလို့ကတော့ အိပ်မက်တွေ လက်တွေ့ဖြစ်လာမှာမဟုတ်ပါဘူး။ ပျင်းရိမှုမရှိဘဲ နိုးကြားတက်ကြွနေမှာ ကိုယ့်အတွက်အခွင့်အလမ်းတွေကို အမိအရဖမ်းဆုပ်နိုင်မှာဖြစ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုဘောင်ခတ်ခြင်း

Source : Chris Mackey

လူတိုင်းလူတိုင်း ကိုယ်လုပ်နိုင်ပါတယ်ဆိုတဲ့ အရာထက်ပိုပြီး လုပ်နိုင်သေးတယ်ဆိုတာယုံပါ။ တစ်ခါတစ်လေမှာ ငါကဒီလောက်ပဲအစွမ်းအစရှိတာပါ ငါဒါလေးပဲလုပ်နိုင်တာပါဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်ထားမိကြပါတယ်။ ဒီလိုကိုယ့်ကိုယ်ကို ဘောင်ခတ်မိတဲ့အခါ ကိုယ်တကယ်ဖြစ်တဲ့အရာတွေ လုပ်ချင်တဲ့အရာတွေကို ကျောခိုင်းရတတ်ပါတယ်။ ဒါကြောင့် ကိုယ်တကယ်ဖြစ်ချင်တဲ့အရာတွေမှန်သမျှ ကြိုးစားကြည့်ပါ။ ဘောင်ခတ်မထားပါနဲ့။

(၃) အလွယ်တကူလက်လျော့ခြင်း

Source : The Best You Magazine

လွယ်လွယ်အရှုံးပေးတတ်တဲ့သူဟာ အကြိမ်ကြိမ်ကျရှုံးရတတ်ပါတယ်။ လက်ရှိအမြင့်ကို ရောက်နေတဲ့သူတွေအားလုံး ခက်ခဲကြမ်းတမ်းတဲ့ အရာတွေကိုကျော်ဖြတ်ခဲ့သူတွေ အကြိမ်ကြိမ်ကျရှုံးခဲ့ဖူးသူတွေပါ။ တစ်ခုပဲ သူတို့အားလုံးဟာ ကျရှုံးမှုတိုင်းအတွက် လက်မလျော့ဘဲ ကျရှုံးမှုတွေကို လှေကားတစ်ခုအဖြစ် နင်းတက်ခဲ့တာကြောင့် အခုလိုအောင်မြင်နေကြသူတွေပါ။ ဒါကြောင့် အလွယ်တကူလက်လျော့ခြင်းတွေကို နှစ်ဟောင်းမှာ ထားခဲ့လိုက်ပါ။

(၄) အချိန်ဆွဲခြင်း

Source : Milldesk

ဘဝမှာပျော်ရွှင်မှု အောင်မြင်မှု အသီးအပွင့်တွေကို ခံစားနေကြသူတွေအများစုဟာ အချိန်ကိုတန်ဖိုးထားကြသူတွေပါ။ ကိစ္စတိုင်းကို အချိန်ဆွဲမှုမရှိဘဲ ပြီးမြောက်အောင် လုပ်ဆောင်တတ်ကြပါတယ်။ ဒီနေ့လုပ်မယ် မနက်ဖြန်လုပ်မယ်စသည်ဖြင့် အချိန်ဆွဲနေရင်တော့ ကိစ္စတစ်ခုဟာ ကြာသင့်တဲ့အချိန်တစ်ခုထက်ပိုကြာပြီး အပ်နဲ့ထွင်းရမယ့်အရာတွေဟာ ပေါက်စိန်နဲ့ထွင်းရမယ့်အရာတွေ ဖြစ်သွားတတ်သလို မခက်ခဲသင့်ဘဲ ပိုခက်ခဲသွားတတ်ပါတယ်။

(၅) ပတ်ဝန်းကျင်ရဲ့စကားတွေကို နားယောင်ခြင်း

Source : telecoms.com

ကိုယ့်ကိုမကောင်းပြောနေတဲ့ ပတ်ဝန်းကျင်စကားတွေ လိုက်နားထောင်နေရင် ရှေ့ရောက်သင့်သလောက် မရောက်တော့ပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်တစ်ခု အာရုံစူးစိုက်မှုအပြည့်ထားမယ်ဆိုရင် ပတ်ဝန်းကျင်ရဲ့ မကောင်းစကားတွေကို ကြားမိမှာ မဟုတ်သလို ကိုယ့်အလုပ်ပေါ်မှာလည်း တွေဝေစိတ်တွေ ဝင်မိမှာမဟုတ်ပါဘူး။ ဒါကြောင့် ပတ်ဝန်းကျင်ရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို စိတ်ထဲမထားဘဲ ကိုယ်ယုံကြည်ရာအတွက် ဆက်လက်တိုက်ပွဲဝင်ပါ။