ဗြိတိန်ဂီတလောကရဲ့ ဩဇာအကြီးဆုံး ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ ၄၂ ကြိမ်မြောက် Brit Awards 2022 ကတော့ ကျင်းပပြီးစီးသွားခဲ့ပြီ ဖြစ်ပါတယ်။ တစ်နှစ်တာရဲ့ အရေးပါဆုံး ဂီတဆုပေးပွဲကြီး ဖြစ်တဲ့ ဒီပွဲမှာ တစ်နှစ်တာအကောင်းဆုံးအနုပညာရှင်ဆုအတွက် ဆန်ကာတင်တဲ့ နာမည်ကြီးဗြိတိန်အနုပညာရှင် အဒဲလ် ၊ ဒေ့ဗ် ၊ အက်ဒ် ရှီယန် ၊ လစ်တဲလ် ဆင်းဇ် နဲ့ ဆမ်ဖန်ဒါ တို့ ၅ ဦးလုံး သီးသန့်ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။
အင်္ဂါနေ့က ကျင်းပသွားတဲ့ Brit Awards 2022 ပွဲမှာ တစ်နှစ်တာ အယ်လ်ဘမ်ဆု ၊ တစ်နှစ်တာ အကောင်းဆုံးအနုပညာရှင်ဆု ၊ အကောင်းဆုံးအဖွဲဆု ၊ အကောင်းဆုံးသီချင်းဆု ၊ အကောင်းဆုံး မျက်နှာသစ်အဆိုတော်ဆု ၊ အကောင်းဆုံး နိုင်ငံတကာအနုပညာရှင်ဆု ၊ အကောင်းဆုံး နိုင်ငံတကာအဖွဲ့ဆု ၊ အကောင်းဆုံး နိုင်ငံတကာသီချင်း ၊ Brits မျက်နှာသစ်အဆိုတော်ဆု ၊ အကောင်းဆုံးအကဆု ၊ အကောင်းဆုံး Rock/Alternative ဆု ၊ Pop/R&B ဆု ၊ Hip Hip / Grim /Rap ဆု ဆိုပြီး ဆုပေါင်း ၁၃ ဆုအထိ ပေးသွားတာ ဖြစ်ပါတယ်။
Photo:billboard
ဒီပွဲရဲ့ အရေးပါဆုံး ဆု ၄ ဆုထဲက ၃ ဆုကို တစ်ယောက်တည်း သိမ်းပိုက်သွားသူက နာမည်ကြီးအဆိုတော် အဒဲလ်ပဲ ဖြစ်ပါတယ်။ Adele ဟာ အကောင်းဆုံး အနုပညာရှင်ဆု Artist Of The Year ၊ အကောင်းဆုံး အယ်လ်ဘမ်ဆု Album Of The Year နဲ့ တစ်နှစ်တာအကောင်းဆုံးသီချင်းဆု Song Of The Year ဆိုပြီး ဆု ၃ ဆု ချီးမြှင့်ခံတာ ဖြစ်ပါတယ်။
Artist Of The Year အတွက် အဒဲလ်ဟာ Dave ၊ အက်ဒ်ရှီယန် ၊ လစ်တဲလ် ဆင်းဇ် ၊ ဆမ်ဖန်ဒါ ၊ Coldplay ၊ D-Block Europe ၊ Little Mix ၊ London Grammar နဲ့ Wolf Alice တို့လို နာမည်ကျော်ဆန်ကာတင်စာရင်းဝင် အဆိုတော်တွေကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ တစ်နှစ်တာအကောင်းဆုံးသီချင်းအတွက် အဒဲလ်ရဲ့ Easy On Me နဲ့ ရခဲ့ပြီး Album Of The Year အတွက် “30” အယ်လ်ဘမ်နဲ့ ဆုချီးမြှင့်ခံခဲ့ရတာပါ။
Photo:planetradio
တခြားဆုတွေထဲက Brits Rising Star ဆု (Holly Humberston) ၊ Best New Artist ဆုကို (Little Simz) ၊ Rock, Alternative (Sam Fender) ၊ Hip-Hop, Rap ဆုအတွက် (Dave) ၊ Dance အတွက် Becky Hill ၊ Pop, R&B ဆုကို Dua Lipa ၊ International Artist ဆု Billie Eilish ၊ International Group ဆု Silk Sonic အဖွဲ့ ၊ Best Group ဆုကို Wolf Alice နဲ့ International Song Of The Year ဆုကို Olivia Rodrigo ရဲ့ “Good 4 U” တို့က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
အဒဲလ်ဟာ Brit Award 2022 ဆုပေးပွဲမှာ ဆုအများဆုံးရထားတဲ့ အနုပညာရှင်ဖြစ်ပေမယ့် Brits သမိုင်းမှာ ဆုအများဆုံး ချီးမြှင့်ခံရသူကတော့ ရော်ဘီဝီလျံစ် ဖြစ်ပြီး စုစုပေါင်း ၁၃ ဆုအထိ ဆုချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
Featured Photo:pitchfork