၂၀၁၃ ခုနှစ်တုန်းက ချဲလ်ဆီးအသင်းဟာ လိဂ်ဖလား ဆီမီးဖိုင်နယ်မှာ ဆွမ်ဆီးစီးတီးအသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး အဲဒီပွဲစဉ်အတွင်းက ဟာဇက်ရဲ့ လုပ်ရပ်ကို ဘောလုံးပရိသတ်အများစု သတိရကြဦးမှာဖြစ်ပါတယ်။

Hazard kicked ball boy

Photo: Daily Mail

ပွဲကစားချိန်ပြည့်ဖို့ ဘယ်လောက်မှ မလိုတော့တဲ့အချိန်မှာ ဆွမ်ဆီးစီးတီးပရိသတ်ဖြစ်တဲ့ ဘောကောက်ကလေးငယ် ချားလ်စ် မော်ဂန်က ချဲလ်ဆီးအသင်းရဲ့ အဖိုးတန်တဲ့ ပွဲကစားချိန်တွေကို ဖြုန်းတီးတဲ့အနေနဲ့ ဘောလုံးကို ခန္ဓာကိုယ်နဲ့ ကာကွယ်ထားခဲ့တာကြောင့် ဟာဇက်ဟာ ဘောကောက်ကလေးငယ်ရဲ့ ဝမ်းဗိုက်အောက်က ဘောလုံးကို ခြေထောက်နဲ့ ကန်ထုတ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ဟာဇက်ဟာ ဘောကောက်ကလေးငယ်ကို ကိုယ်ထိလက်ရောက် ပြစ်ဒဏ်ကျူးလွန်ခဲ့မှုကြောင့် ကွင်းလယ်ဒိုင်ရဲ့ အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရပြီး ဆွမ်းဆီးအသင်းကလည်း ၂၀၁၃ ခုနှစ်ရဲ့ လိဂ်ဖလားချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ဆွမ်ဆီးဘောကောက်ကလေးငယ် မော်ဂန်ရဲ့အကြောင်းကို လူတွေ မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ကြတာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချားလ်စ် မော်ဂန်ဟာ အသက် ၁၉ နှစ်အရွယ်မှာပဲ ‘Au vodka’ အမှတ်တံဆိပ် တန်ဖိုးကြီး ဗော့ဒ်ကာ အမှတ်တံဆိပ်ကို စတင်တည်ထောင်ခဲ့ပြီး အခုဆိုရင် အဲဒီအမှတ်တံဆိပ်ဟာ မေဝယ်သာနဲ့ အခြား ထင်ပေါ်ကျော်ကြားသူအများအပြားရဲ့ အာရုံစိုက်ခြင်းကိုတောင် ရရှိနေပြီ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အသက် ၁၈၊ ၁၉၊ ၂၀ လောက်တုန်းက ကျွန်တော်တို့ သူငယ်ချင်းတွေထဲက တစ်ယောက်စီတိုင်းက သူတို့ရဲ့ မွေးနေ့မှာ အမြဲတမ်း တူညီတဲ့ ဗော့ဒ်ကာပုလင်းဟောင်းတစ်လုံး ရခဲ့တယ်။ ကျွန်တော်တို့က ဒါက နည်းနည်း ပျင်းစရာကောင်းတယ်လို့ ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့ အဲဒါကို နည်းနည်း ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ခံစားခဲ့ရပါတယ်”လို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတုန်းက WalesOnline နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

မော်ဂန်ရဲ့ ဗော့ဒ်ကာ အမှတ်တံဆိပ်ဟာ အမြင်အာရုံကို ဖမ်းစားနိုင်တဲ့ ရွှေရောင်ဒီဇိုင်းကြောင့် လူသိများခဲ့တာဖြစ်ပြီး ဒီဂျေနဲ့ တီဗွီအစီအစဉ်တင်ဆက်သူ ချာလီ ဆလော့သ်က မော်ဂန်ရဲ့ ဗော့ဒ်ကာ အမှတ်တံဆိပ်မှာ ရင်းနှီးမြှုပ်နှံတဲ့ ပထမဆုံး ထင်ပေါ်ကျော်ကြားသူဖြစ်လာခဲ့တာဖြစ်ပါတယ်။ ‘Au vodka’ ဟာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း စုစုပေါင်း ပုလင်းအရေအတွက် ၁.၇ သန်းအထိ အံ့အားသင့်ဖွယ် ရောင်းချနိုင်ခဲ့တာဖြစ်ပြီး Smirnoff အမှတ်တံဆိပ် ဗော့ဒ်ကာ တစ်ခုတည်းကသာ တူညီတဲ့ကာလအတွင်း Au Vodka ထက် ပုလင်းရေ ပိုမိုရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

Boxing Legendary Floyd Mayweather

Photo: Daily Star

ဒါပေမယ့်လည်း မော်ဂန်က ၎င်းရဲ့ ဗော့ဒ်ကာအမှတ်တံဆိပ်ကို ယူကေမှာ အကြီးမားဆုံး တန်ဖိုးကြီး ဗော့ဒ်ကာအမှတ်တံဆိပ်တွေထဲက တစ်ခုဖြစ်လာစေချင်နေသေးတာဖြစ်တာကြောင့် နည်းမျိုးစုံနဲ့ တီထွင်ကြံဆနေခဲ့တာဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မော်ဂန်ရဲ့ သူငယ်ချင်းဖြစ်သူရဲ့အသိမိတ်ဆွေ ဂီတ ပရိုဂျူဆာတစ်ဦးရဲ့ အဆက်အသွယ်ကနေတဆင့် ဘောက်ဆင်အကျော်အမော် ဖလွိုက် မေဝယ်သာနဲ့ အဆက်အသွယ် ရခဲ့ပါတယ်။

“ကျွန်တော်တို့ ဖလွိုက်ကို ဆက်သွယ်ဖို့ အဆက်အသွယ်ရခဲ့တယ်။ သူငယ်ချင်းဆီကနေတဆင့်ပေါ့။ ဖလွိုက်က ကျွန်တော်တို့ရဲ့ ဗော့ဒ်ကာ အမှတ်တံဆိပ်ကို လုံးဝကို နှစ်သက်ပြီး စပျစ်နက်အရသာကို ကြိုက်တယ်လို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။ သူ အိမ်မပြန်ခင် ပုလင်းအနည်းငယ်လောက် ရနိုင်မလားလို့ ကျွန်တော်တို့ကို မေးခဲ့ပါတယ်။ ကျွန်တော်တို့ကလည်း ရတာပေါ့။ လုံးဝ သေချာတယ်လို့ ပြောခဲ့တယ်”

“ပြီးတော့ ဖလွိုက်က ကျွန်တော်တို့ အမေရိကားမှာ ကြီးမားတဲ့တစ်စုံတရာကို လုပ်တဲ့အခါကျရင် သူ ပါဝင်နေသရွေ့ အင်စတာဂရမ်မှာ သူ ပုလင်းပုံ တင်ပေးမယ်လို့ ပြောခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ပြန်မေးခွန်းထုတ်ခဲ့တယ်။ ပုလင်းကို ကိုင်ပေးမယ့် အကောင်းဆုံး သံတမန်က ဘယ်သူဖြစ်နိုင်မလဲဆိုပြီးပေါ့။ ကျွန်တော်တို့ရဲ့ အဖြေက ဖလွိုက် ဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီတော့ သူ့အလိုလို ပေါ်လာခဲ့တာကတော့ အံ့အားသင့်စရာပါပဲ။ ခင်ဗျား လေးစားအားကျရတဲ့တစ်စုံတယောက်ရဲ့ လက်ထဲမှာ ကိုယ့်အမှတ်တံဆိပ်ကို မြင်ရတာက ရူးသွပ်ချင်စရာပါပဲ”လို့ မော်ဂန်က ပြောကြားခဲ့ပါတယ်။

Brazilian Legendary Ronaldinho

Photo: Au Vodka’s Twitter

Au Vodka ရဲ့ အင်စတာဂရမ်က ပရိသတ်ဦးရေဟာ လက်ရှိအချိန်မှာ မနှစ်က အရေအတွက် ၁၀၄၀၀၀ ထက် ၂ ဆ ၂၁၉၀၀၀ အထိ မြင့်တက်လာခဲ့ပြီဖြစ်ပြီး ဘလွန်ဒေါနဲ့ ကမ္ဘာ့ဖလားချန်ပီယံဟောင်း ရော်နယ်လ်ဒင်ညိုကလည်း Au Vodka အတွက် ဓာတ်ပုံရိုက်ကူးရာမှာ အခြား မတူညီတဲ့ ဂီတအနုပညာရှင်တွေနည်းတူ ပါဝင်ပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၉ နှစ်တုန်းက ဘယ်လ်ဂျီယမ်လက်ရွေးစင်ကြယ်ပွင့် အီဒင် ဟာဇက်ရဲ့ ကွင်းဘေးစည်းမှာ ကန်ကျောက်ခြင်းခံခဲ့ရတဲ့ မော်ဂန်ဟာ လက်ရှိမှာတော့ ဗော့ဒ်ကာထုတ်လုပ်တဲ့ နယ်ပယ်မှာ ဆရာတစ်ဆူအဖြစ် အောင်မြင်မှုတွေ ရရှိနေပြီဖြစ်ပြီး အောင်မြင်မှု ရရှိချင်တဲ့ လူငယ်တွေအတွက် ယုံကြည်တဲ့အတိုင်း ရဲရဲဝံ့ဝံ့ လုပ်ဆောင်မယ်ဆိုရင် အောင်မြင်မှုတွေ ရနိုင်တယ်ဆိုတာ မော်ဂန်က သက်သေပြသခဲ့တာဖြစ်ပါတယ်။

Featured Photo: Daily Star