ဗိုက်အဆီတွေဟာ ရုပ်လက္ခဏာပါ ထိခိုက်ပျက်စီးစေတာ မဟုတ်ဘဲ ကျန်းမာရေးအန္တရာယ်လည်း ရှိပါတယ်။ ဗိုက်အဆီများခြင်းဟာ နှလုံးရောဂါ ၊ သွေးတိုင်း ၊ ဆီးချို ၊ ကင်ဆာ စတဲ့ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ ရောဂါတွေပါ ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အဆီအခေါက်နည်းတဲ့ ကိုယ်ဖြစ်ဖို့ အခြေခံအကျဆုံးနည်းလမ်း ၃ ခုကို ညွှန်းချင်ပါတယ်။

(၁) လေ့ကျင့်ခန်း

Photo: Freepik

ကျန်းမာရေးကောင်းတဲ့ လူငယ်တစ်ယောက်ဟာ တစ်ပတ်ကို မပြင်းထန်လွန်းတဲ့ ခပ်သွက်သွက်လမ်းလျှောက်တာမျိုးကို အနည်းဆုံး မိနစ် ၁၅၀ လုပ်ပေးသင့်တယ်လို့ ဆိုပါတယ်။ Joggling ပြေးတာမျိုးအပါအဝင် အေရိုးဗစ်/Cardio လေ့ကျင့်ခန်းအမျိုးမျိုးကတော့ တစ်ပတ်ကို ၇၅ မိနစ် အနည်းဆုံး လုပ်ပေးဖို့ လိုပါတယ်။ ဒီလေ့ကျင့်ခန်းတွေအပြင် တစ်ပတ်ကို နှစ်ကြိမ် Strength Training လို့ခေါ်တဲ့ Workout ခပ်ပြင်းပြင်း ကစားတာမျိုးလည်း လုပ်ပေးသင့်ပါတယ်။

ဗိုက်ကစားတဲ့ Ab Crunches ရိုက်တာမျိုးကလည်း ဝမ်းဗိုက်အဆီကျစေပါတယ်။ Ab Crunches အမျိုးမျိုးကို ကစားပေးသင့်တဲ့ အပြင် သက်လုံကောင်းအောင် ကစားတဲ့ လေ့ကျင့်ခန်းတွေကိုလည်း တစ်ပတ် ၄ ကြိမ်အထိ ကစားပေးသင့်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်အဆီပေါ်လိုက်ပြီး အားကစားလေ့ကျင့်ခန်းတွေ ထိန်းညှိကစားရမှာ ဖြစ်ပါတယ်။

(၂) အစားအသောက်

Photo: Freepik

Diet ဟာ နေ့စဉ် ဖြည်းဖြည်းချင်း ကိုယ်ခန္ဓာပုံစံကို ပြုပြင်ပေးတဲ့ အရာ ဖြစ်ပါတယ်။ သကြားဟာ ဗိုက်အဆီချချင်သူတွေအတွက် ရန်သူပါပဲ။ သကြား အချိုဓါတ်ဟာ ကျွန်တော်တို့ သတိမထားမိအောင် နေ့စဉ်စားသုံးမှုပုံစံထဲ ပါနေပါတယ်။ သကြားအစား သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ ပိုစားပေးဖို့ လိုပါတယ်။ ရေများများသောက်ပါ။ ပြုပြင်ထားတဲ့ တာရှည်ခံအစားအစာတွေ ၊ အဆီနဲ့ အငံ လွန်လွန်ကျွံကျွံစားတာမျိုးတွေ ရှောင်သင့်ပါတယ်။

(၃) အိပ်စက်မှု

Photo: Freepik

အိပ်ရေးပျက်လွန်းတာ/ အိပ်စက်မှု များလွန်းတာ နှစ်မျိုးစလုံးက သင့်ဗိုက်အဆီပေါ် အများကြီးသက်ရောက်မှု ရှိပါတယ်။ တစ်နေ့မှာ အိပ်ချိန် ၅ နာရီတောင် မပြည့်တဲ့ သူနဲ့ တစ်နေ့ ၈ နာရီကျော် အိပ်သူတွေဟာ ညဘက် ၆ နာရီနဲ့ ၇ နာရီပဲ အိပ်သူတွေထက် ဗိုက်ခေါက်ပိုထွက်ပြီး အဆီပိုစုတယ်လို့ ဆိုပါတယ်။

ဗိုက်အဆီ ချနေချိန်မှာ ဝိတ်ချတာကို ဖြည်းဖြည်းနဲ့ မပြတ်တမ်း မှန်မှန် လုပ်ဆောင်ဖို့ လိုပါတယ်။ ပညာရှင်တွေကတော့ တစ်ပတ်ကို ၂ ပေါင်ထက် ပိုပြီး ဝိတ်မချဖို့ ညွှန်ကြားထားပါတယ်။ နေ့တိုင်း ပုံမှန်စွဲစွဲမြဲမြဲ လုပ်ဖို့ပဲ အရေးကြီးပါတယ်။ အသက်ကြီးလာချိန်မှာလည်း ခန္ဓာကိုယ်အဆီတက်လို့ ရောဂါမဝင်အောင် ကာကွယ်ဖို့ အခုပြောတဲ့ အစားအသောက် ၊ လေ့ကျင့်ခန်းနဲ့ မှန်ကန်တဲ့ အိပ်စက်အနားယူမှု လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။