ဘာစီလိုနာအသင်းဟာ နည်းပြရော်နယ်ကိုးမန်းရဲ့ ယခုနွေရာသီအဓိကပစ်မှတ်တစ်ဦးဖြစ်တဲ့ လိုင်ယွန်ကြယ်ပွင့် မန်းဖစ်ဒီပိုင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီလို့ ဖက်ဘရီဇီယိုရိုမာနိုရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်ကို ၈-၂ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အပြောင်းအလဲများစွာ ပြုလုပ်ခဲ့ပြီး နည်းပြကီကေးဆက်တီယန်ရဲ့နေရာမှာ နယ်သာလန်လက်ရွေးစင်နည်းပြဟောင်း ရော်နယ်ကိုးမန်းကို အစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။

Photo: independent

အသင်းရဲ့အဓိကကစားသမားတွေကလည်း ယခုနွေရာသီမှာ အသင်းနဲ့ လမ်းခွဲဖို့ ပြင်ဆင်နေကြပြီး ရာကီတစ်က ဆီဗီလာကို ပြန်သွားခဲ့ပြီဖြစ်သလို လူးဝစ္စဆွာရက်ဇ်ကလည်း ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖို့သတင်းတွေအခိုင်အမာထွက်ပေါ်နေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီရဲ့အနာဂတ်ဟာလည်း ပြီးခဲ့တဲ့လမှာ တော်တော်လေးေ၀ဝါးသွားခဲ့ပြီး နောက်ဆုံးမှာတော့ အသင်းမှာ ဆက်နေဖို့ သဘောမတူချင်တူချင်နဲ့ တူခဲ့ရပေမယ့် ဘာစီလိုနာအသင်းရဲ့ အနာဂတ်အတွက် ကစားသမားသစ်တွေနဲ့ တည်ဆောက်ဖို့ ကြိုးပမ်းနေမှုကိုတော့ မရပ်တန့်စေခဲ့ပါဘူး။ ဘာစီလိုနာအသင်းက ကစားသမားအများအပြားကို ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေပြီး အဲဒီကစားသမားတွေထဲကတစ်ဦးကတော့ လိုင်ယွန်ကြယ်ပွင့် မန်းဖစ်ဒီပိုင်းပဲ ဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၁၅ ဂိုးသွင်းယူပေးခဲ့ပြီး အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ Transfermarkt က ပြောင်းရွှေ့ကြေး ပေါင် ၃၉.၆ သန်း သတ်မှတ်ခြင်းခံထားရတဲ့ မန်းဖစ်ဒီပိုင်းကို ဈေးပေါပေါနဲ့ ခေါ်ယူလို့ ရနိုင်မှာမဟုတ်ဘူးဆိုတာကတော့ အသေအချာပဲဖြစ်ပါတယ်။

Photo: Evening Standard

နာမည်ကြီး သတင်းထောက် ဖက်ဘရီဇီယိုရိုမာနိုက မန်းဖစ်ဒီပိုင်းနဲ့ ဘာစီလိုနာတို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီလို့ ပြောကြားခဲ့တာကြောင့် ဘာစီလိုနာရဲ့ ကြိုးပမ်းနေမှုက အရာထင်လာခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

“ဘာစီလိုနာအသင်းက မန်းဖစ်ဒီပိုင်းကို ရဖို့အတွက် လုပ်ဆောင်နေပြီး ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီဖြစ်ပေမယ့် လိုင်ယွန်အသင်းကိုတော့ တရားဝင်ကမ်းလှမ်းမှုမလုပ်ရသေးပါဘူး။ ဘာစီလိုနာက လွန်ခဲ့တဲ့အပတ်ကလည်း အူဘာမီယန်းကို ခေါ်ယူဖို့အတွက် ဆက်သွယ်ခဲ့သေးပေမယ့် ကိုးမန်းက ဒီပိုင်းကိုပဲ လိုချင်နေပြီး အူဘာကတော့ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။