ဘာစီလိုနာနည်းပြ ဇာဗီဟာ နူးကမ့်ကိုပြန်လည်တည်ဆောက်ရာမှာ မိုဟာမက် ဆာလာက အဓိကသော့ချက်ဖြစ်တယ်လို့ အပြည့်အဝယုံကြည်နေပြီး လီဗာပူးလ်အသင်းမှ ခေါ်ယူသွားနိုင်ရန် အပြင်းအထန် ကြိုးစားအားထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Photo : Daily Mail
ဘာစီလိုနာနည်းပြအဖြစ် ရော်နယ်ကိုးလ်မန်းနေရာမှာ အစားဝင်ရောက်လာတဲ့ နည်းပြသစ်ဇာဗီ က ဆာလာကိုခေါ်ယူခြင်းက ဘာစီလိုနာအသင်းအတွက် ကြီးမားတဲ့တွန်းအားတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုနှစ်နွေရာသီမှာ ကစားသမားကောင်းတွေလက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် အသင်းရဲ့ဖိအားတွေလျော့ချနိုင်ဖို့ ဆာလာရဲ့ စွမ်းဆောင်ရည်က အဓိကကျလိမ့်မယ်လို့ ယူဆထားပုံရပါတယ်။
အီဂျစ်သား မိုဟာမက် ဆာလာက လာမယ့် ၂၀၂၃ ခုနှစ် နွေရာသီမှာ လီဗာပူးလ်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး သက်တမ်းထက်တိုးဖြစ် မတိုးဖြစ်ကိုတော့ သေချာမသိရသေးပါဘူး။ လီဗာပူးလ်အသင်းဟာ ဟန်ဒါဆင် ၊ ဗန်ဒိုက်နဲ့ ရောဘတ်ဆန်တို့လို ကြယ်ပွင့်ကစားသမားနဲ့ နှစ်ရှည် သဘောတူညီမှုအသစ်များ ညှိနှိုင်းထားပေမယ့် ဆာလာနဲ့တော့ ငွေကြေးဆိုင်ရာတောင်းဆိုချက်မြင့်မားမှုကြောင့် ဆွေးနွေးရာမှာ ကြန့်ကြာမှုများရှိနေခဲ့တာ ဖြစ်ပါတယ်။

Photo : talkSPORT
ပြီးခဲ့တဲ့ အပြောင်းအရွေ့ကာလမှာ မက်ဆီနဲ့ဂရစ်ဇ်မန်းတို့လို အားထားရတဲ့ကစားသမားတွေကို လက်လွှတ်ခဲ့ရတဲ့အတွက် အသင်းကိုပြန်လည်ဦးမော့လာနိုင်ဖို့ ဘာစီလိုနာအသင်းနဲ့ နည်းပြဇာဗီတို့ကလည်း ဆာလာကို လွယ်လွယ်နဲ့ လက်လျော့မှာ မဟုတ်ပါဘူး။ ဆာလာကလည်း လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမား ၁၀ ဦးစာရင်းမှာပါဝင်သူဖြစ်ပြီး လက်ရှိ လီဗာပူးလ်အသင်းမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသနေတဲ့ တိုက်စစ်ကစားသမားကောင်းတစ်ယောက်လည်းဖြစ်တာကြောင့် ဘာစီလိုနာအသင်းအတွက် ပစ်မှတ်ထားစရာ ဖြစ်နေခဲ့တာပါ။
ဒါ့အပြင် လာလီဂါပြိုင်ဘက် ရီးရဲမက်ဒရစ်အသင်းကလည်း ပြင်သစ်ကြယ်ပွင့် အမ်ဘာပေကိုခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်တာကြောင့် ဘာစီလိုနာအသင်းအနေနဲ့လည်း အသင်းအတွက် အားထားရမယ့် ထိပ်တန်းတိုက်စစ်ကစားသမားမျိုးခေါ်ယူဖို့ မျှော်လင့်ချက်ကြီးကြီးထားနေခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ နည်းပြဇာဗီအနေနဲ့ မိုဟာမက် ဆာလာကို နူးကမ့်သို့အမှန်တကယ် ခေါ်ယူသွားနိုင်မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရအုန်းမှာပါ။
Featured Photo : Daily Mail
