ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ နူးကမ့်ကို စွန့်ခွာပြီး မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ စိတ်ချယုံကြည်ရတဲ့ဂျာနယ်လစ် မာဆယ်လိုဘတ်ကလာက ပြောကြားခဲ့တာကြောင့် ဂွါဒီယိုလာနဲ့မက်ဆီတို့ရဲ့ ပြန်ပေါင်းထုပ်ခန်းကို မြင်ရတော့မှာဖြစ်ပါတယ်။

ဘတ်ကလာဟာ လာမယ့်ရာသီသစ်မတိုင်မီ ဘာစီလိုနာအသင်းကို မက်ဆီ စွန့်ခွာချင်နေတယ်ဆိုတဲ့ သတင်းကို ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့သူဖြစ်ပြီး ၎င်းရဲ့တွစ်တာအကောင့်မှာ မက်ဆီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။ လီယွန်နယ်မက်ဆီဟာ မိခင်ကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းကို စွန့်ခွာဖို့အတွက် စိတ်ရောကိုယ်ပါ နာကျင်ခံစားရပေမယ့်လည်း ရေစက်ကုန်ပြီလို့ ယူဆထားတာကြောင့် မန်ချက်စတာစီးတီးအသင်းအတွက် ကစားပေးချင်နေတယ်လို့ ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။

Photo: Outlook India

ဘိုင်ယန်မြူးနစ်အသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ အရှက်တကွဲရှုံးနိမ့်ခဲ့မှုက လီယွန်နယ်မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ထူးခြားပြောင်မြောက်တဲ့ခရီးကို အဆုံးသတ်စေခဲ့တာဖြစ်ပါတယ်။ အင်္ဂါနေ့ညမှာ ထွက်ပေါ်ခဲ့တဲ့သတင်းအရ ၂၀၂၀-၂၀၂၁ ရာသီကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် လီယွန်နယ်မက်ဆီဟာ အသင်းကို စွန့်ခွာချင်တဲ့ဆန္ဒကို အသင်းထံ Fax ပေးပို့ပြီး အသိပေးခဲ့တယ်လို့ သိရပါတယ်။

မက်ဆီဟာ အသင်းရဲ့ရာသီကြိုလေ့ကျင့်ရေးကို ပါဝင်နိုင်ဖို့အတွက် မဖြစ်မနေပြုလုပ်ဖို့လိုအပ်တဲ့ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရခြင်းရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုကိုလည်း ပြုလုပ်သွားမှာမဟုတ်ဘူးလို့လည်း အသိပေးခဲ့ပါတယ်။
ဒါပေမယ့်လည်း မက်ဆီအနေနဲ့ အသင်းကို စွန့်ခွာချင်တယ်ဆိုရင် မေလ ၃၁ ရက်နေ့မတိုင်မီ ကြိုတင်အသိပေးရမယ်ဆိုတဲ့အချက်ကို စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားတာဖြစ်ပါတယ်။

ဒါကြောင့် ဘာစီလိုနာအသင်းဘုတ်အဖွဲ့ဟာ ၎င်းတို့ရဲ့စံချိန်တင်ဂိုးသွင်းရှင်ဆီက သတင်းစကားကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးဘဲ လက်ရှိမှာတော့ သြဂုတ်လထဲကို ရောက်ရှိနေပြီးဖြစ်ပါတယ်။

Photo: Flipboard

မန်ချက်စတာစီးတီးကို နည်းပြနေတဲ့ ဘာစီလိုနာနည်းပြဟောင်း ပက်ဂွါဒီယိုလာဟာ ချန်ပီယံလိဂ်ဖလားကို ၂ ကြိမ်အထိ ကိုင်မြှောက်ခွင့်ရရှိစေခဲ့တဲ့ ၎င်းရဲ့ မှော်ဆရာဟောင်းကို ပြန်လည်ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ဗလင်စီယာက ဖာနန်တောရက်စ်၊ ဘုန်းမောက်အသင်းက နသန်အကီတို့ကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပေမယ့်လည်း အသင်းဥက္ကဌ ခါဒွန်းအယ်လ်မူဘာရတ်က လာမယ့်ရာသီသစ်မတိုင်မီ ဂွါဒီယိုလာရဲ့ လူစာရင်းထဲကို နောက်ထပ်ကစားသမားသစ်တွေ ထပ်ထည့်ဖို့ ရှာဖွေနေဆဲဖြစ်တယ်လို့ အတည်ပြုပြောကြားထားတာဖြစ်ပါတယ်။