ဘာစီလိုနာအသင်းဟာ ဝါရင့်နောက်ခံကစားသမား ဂျရတ်ပီကေးရဲ့နေရာမှာ ရေရှည်အတွက် အစားထိုးခေါ်ယူမှုပြုလုပ်ဖို့ စဉ်းစားနေကြောင်း Marca ရဲ့သတင်းအရ သိရပါတယ်။
စပိန်နောက်ခံကစားသမားဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိသွားခဲ့လို့ လူစားလဲလှယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ပီကေးဟာ ဘာစီလိုနာရဲ့ လာမာစီယာလူငယ်အကယ်ဒမီထွက်ကစားသမားဖြစ်ပေမယ့် ၂၀၀၄ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အကယ်ဒမီကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo: GoalBall
ဂျရတ်ပီကေးဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၁၂ ပွဲသာ ပါဝင်ကစားခွင့် ရရှိခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်မှာ ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ဘာစီလိုနာမှာ ကစားခဲ့တဲ့ ၁၂ နှစ်ကာလအတွင်း ပီကေးဟာ အသင်းကို လာလီဂါဖလား ၈ ကြိမ်၊ ကိုပါဒယ်ရေး ၆ ကြိမ်၊ စပိန်စူပါဖလား ၆ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်နောက်ခံကစားသမားဟာ ကမ္ဘာပေါ်က အကောင်းဆုံးနောက်ခံကစားသမားတွေထဲကတစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့သူဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီတွေမှာ ဝေဖန်မှုများစွာ ခံခဲ့ရပြီး ဘောလုံးဝေဖန်သုံးသပ်သူနဲ့ ပရိသတ်အများစုဟာ ၎င်းရဲ့အကောင်းဆုံးနေ့တွေက ကျန်ရစ်ခဲ့ပြီလို့ ယုံကြည်နေကြတာဖြစ်ပါတယ်။

Photo : SportsAlert
ပီကေးဟာ ယခုနောက်ဆုံးရရှိထားတဲ့ ဒူးဒဏ်ရာကြောင့် လပေါင်းများစွာ အနားယူရမယ့်ပုံပေါ်ပြီး ရလဒ်အနေနဲ့ ဘာစီလိုနုာအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဗဟိုခံစစ်ကစားသမားသစ်တစ်ဦးကို ရှာဖွေရတော့မှာဖြစ်ပါတယ်။
