ဘာစီလိုနာအသင်းဟာ မန်ချက်စတာစီးတီးတိုက်စစ်မှူး ဖာရန် တောရက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းမှုမှာ ကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီ ယောင်ကို ထည့်သွင်းဖို့ စဉ်းစားနေတယ်လို့ နောက်ဆုံးသတင်းတွေအရ သိရပါတယ်။

Ferran Torres

Photo: Barca Universal

ဖာရန် တောရက်စ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလက စပိန်အသင်းအတွက် နိုင်ငံတကာပွဲစဉ် ကစားပေးနေချိန်မှာ ခြေထောက် ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက မန်ချက်စတာစီးတီးအသင်းအတွက် ကစားပေးရခြင်းမရှိသေးတာ ဖြစ်ပါတယ်။ ယခုရာသီ ပြိုင်ပွဲစုံ ၅ ပွဲ ပါဝင်ကစားပေးထားတဲ့ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

တောရက်စ်ဟာ မန်ချက်စတာစီးတီးမှာ ပွဲကစားချိန် မရတာနဲ့ပတ်သက်ပြီး စိတ်ပျက်မှုတွေ ကြီးထွားလာနေတာက နောက်ဆုံးမှာ အပြောင်း အရွှေ့ပြုလုပ်ခွင့်ပေးဖို့ မန်ချက်စတာစီးတီးက သဘောတူညီပေးရနိုင်တဲ့အခြေအနေ ဆိုက်လာနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Frenkie De Jong

Photo: FC Barcelona Noticias

The Athletic ရဲ့ ဖော်ပြချက်အရ တောရက်စ်ကို ခေါ်ယူဖို့ သဘောတူညီမှုဟာ ထပ်ဆောင်းပေးချေမှု ပေါင် ၁၀ သန်းနဲ့အတူ ပေါင် ၄၆ သန်းဝန်းကျင်တန်ကြေးရှိတယ်လို့ သိရပြီး ကတ်တလန်ထိပ်သီးအသင်းကြီးဟာ လက်ရှိ ဘဏ္ဍာရေးအကြပ်အတည်းတွေဖြစ်ပေါ်နေတာကြောင့် အဲဒီပမာဏကို ပေးချေနိုင်တဲ့အနေအထားမှာ ရှိမနေတာဖြစ်ပါတယ်။

ဒါကြောင့် ဘာစီလိုနာအသင်းဟာ ဖရန်ကီ ဒီယောင်ကို ဒဲ့ အလဲအထပ်ပြုလုပ်နိုင်ခြေရှိတဲ့ကစားသမားအဖြစ် အသုံးပြုသွားဖို့ စဉ်းစားနေတယ်လို့ El Nacional က ဖော်ပြခဲ့ပြီး ဒတ်ချ်ကွင်းလယ်ကစားသမားဟာ နည်းပြ ဇာဗီလက်အောက်မှာ ခြေစွမ်းမတည်ငြိမ်တာကြောင့် အပြောင်းအရွှေ့ပြုလုပ်နိုင်ခြေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အိုင်းယက်စ်ကြယ်ပွင့်ဟောင်းကို တန်ဖိုးများစွာ ထားခဲ့ပေမယ့်လည်း မကြာသေးခင်က ၎င်းကို ရောင်းထုတ်ဖို့အတွက် ဆန္ဒရှိနေကြောင်းကို ပြသခဲ့တာဖြစ်ပြီး အသင်းရဲ့ဘဏ္ဍာရေးအခြေအနေက ဆိုးရွားနေတာကြောင့် ကစားသမားသစ်ခေါ်ချင်တယ်ဆိုရင် financial fair play စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီဖို့အတွက် အသင်းမှာ ရှိတဲ့ကစားသမားကို အရင်ထုတ်ရောင်းဖို့ လိုအပ်မှာဖြစ်ပါတယ်။

Featured Photo : The Sun