အသစ်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရတဲ့ ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာက ယခုနွေရာသီမှာ အသင်းရဲ့ ဝါရင့်ဂန္တဝင်ကစားသမား ၂ ဦးကို ရောင်းထုတ်သွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ ဘဏ္ဍာရေးအကြပ်အတည်းကို ကျော်ဖြတ်နေရတာဖြစ်ပြီး အသင်းရဲ့ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်အောင် ကြယ်ပွင့်ကစားသမားတွေထဲက အချို့နဲ့ လမ်းခွဲဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ El Chiringuito ရဲ့ ဖော်ပြချက်အရ လာပေါ်တာဟာ အသင်းရဲ့ ဂန္တဝင် ကစားသမား ၂ ဦးကို ၎င်းတို့ရဲ့ ကြီးမားတဲ့ လစာပမာဏကြောင့် ရောင်းထုတ်ဖို့အတွက် ခွင့်ပြုချက်ပေးခဲ့တယ်လို့ သိရပါတယ်။

Sergio Busquets of FC Barcelona (L)

Photo: playingfor90

ဆာဂျီယို ဘတ်စ်ကွက်ဟာ ဘာစီလိုနာရဲ့ ကျော်ကြားတဲ့ လာမာစီယာ လူငယ်အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ အသင်းအတွက် စီနီယာကစားသမားဘဝ ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပြီးနောက် ဘာစီလိုနာနဲ့ စပိန်အသင်း ကွင်းလယ်အတွက် ဇာဗီ၊ အင်နီယေစတာတို့နဲ့ အတွဲဖြစ်လာခဲ့သူဖြစ်ပါတယ်။ ဘတ်စ်ကွက်ဟာ ၎င်းရဲ့ မျိုးဆက်မှာ အကောင်းဆုံးကွင်းလယ်ခံစစ်ကစားသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံခဲ့ရသူဖြစ်ပြီး ဘာစီလိုနာအသင်းကို လာလီဂါဖလား ၈ ကြိမ်၊ ကိုပါဒယ်ရေး ၇ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘတ်စ်ကွက်ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၃ ခုနှစ်အထိ ကျန်ရှိနေသေးတာကြောင့် ဘာစီလိုနာအသင်းဟာ ၎င်းကို ရောင်းထုတ်ပြီး ငွေကြေး ရရှိအောင် ကြိုးပမ်းသွားမှာဖြစ်ပြီး စပိန်ကွင်းလယ်ကစားသမားရဲ့ လစာပမာဏကြောင့် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးဖြစ်မှုကိုလည်း လျှော့ချသွားမှာဖြစ်ပါတယ်။ နောက်ထပ်ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျော်ဒီ အယ်လ်ဘာကလည်း ဘာစီလိုနာလူငယ်အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ ဗလင်စီယာအသင်းကို ပြောင်းရွှေ့ခဲ့ပေမယ့် ၂၀၁၂ ခုနှစ်မှာတော့ အသင်းကို ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

Jordi Alba Barcelona

Photo: Sportsnet

အယ်လ်ဘာဟာ ဘာစီလိုနာအသင်းအတွက် ကစားပေးနေတဲ့ကာလအတွင်း ကမ္ဘာပေါ်က အကောင်းဆုံးဘယ်နောက်ခံကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့သူဖြစ်ပြီး ယခုရာသီမှာ စပိန်နောက်ခံကစားသမားက သွင်းဂိုး ၅ ဂိုး၊ ဂိုးဖန်တီးမှု ၁၅ ကြိမ်အထိ ပြုလုပ်ပေးထားပြီး အကောင်းမွန်ဆုံးခြေစွမ်းကို ပြသထားခဲ့တာဖြစ်ပါတယ်။ ဂျော်ဒီ အယ်လ်ဘာရဲ့ စာချုပ်သက်တမ်းကလည်း ၂၀၂၄ ခုနှစ်အထိ ကျန်ရှိနေသေးတာကြောင့် ဘာစီလိုနာအသင်းဟာ လက်ရှိမှာ ယူရို ၁.၂ ဘီလီယံဝန်းကျင် အကြွေးတင်နေတာကို ကုစားနိုင်ဖို့ ရောင်းထုတ်သွားတော့မှာဖြစ်ပါတယ်။