ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်တွင် ဘာစီလိုနာအသင်းဟာ တန်းတတ်အသင်းတစ်သင်းဖြစ်တဲ့ ကာဒစ်ဇ်အသင်းကို (၂-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲစဉ်ရှုံးနိမ့်ခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ (၁၉၈၇-၁၉၈၈) နောက်ပိုင်း အဆိုးဝါးဆုံး ဘောလုံးရာသီအစနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Source: Yahoo-Finance

ရော်နယ်ကိုးမန်းလက်အောက်မှာ ဘာစီလိုနာဟာ လာလီဂါပွဲစဉ် (၁၀) ပွဲကစားပြီး (၁၄) မှတ်သာရယူထားနိုင်ပါသေးတယ်။ ယခုနှစ်မှ လာလီဂါကို တန်းတတ်လာတဲ့ ကာဒစ်ဇ်အသင်းကတော့ အသင်းကြီးနှစ်သင်းဖြစ်တဲ့ ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာ တို့ကို အနိုင်ရရှိအောင် ကစားထားနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

ဘာစီလိုနာ-ကာဒစ်ဇ် ပွဲစဉ်တွင် ကာဒစ်ဇ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲကစားချိန် (၈) မိနစ်မှာပဲ Alvaro Gimenez ကသွင်းယူပေးခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဘာစီလိုနာကစားသမားတွေအနေနဲ့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ကာဒစ်ဇ်အသင်းဖက်က နောက်တန်းကစားသမား Pedro Alcalá က OG သွင်းခဲ့တာကြောင့် ချေပဂိုးတစ်ဂိုးရရှိခဲ့တာပါ။ ကာဒစ်ဇ် အသင်းအတွက် အနိုင်ဂိုးကိုကိုတော့ တိုက်စစ်မှူး Álvaro Negredo ကသွင်းယူပေးခဲ့ပါတယ်။

Source: Yahoo-Finance

ဘာစီလိုနာဟာ ဒီပွဲစဉ်ရှုံးနိမ့်ခဲ့တာကြောင့် ဇယားထိပ်ဆုံးက အက်တလန်တီကို မက်ဒရစ်အသင်းနဲ့ (၁၂) မှတ်အထိ ရမှတ်ကွာဟမှုရှိသွားခဲ့ပါတယ်။ အက်တလန်တီကို အသင်းကတော့ ဒီရာသီ လာလီဂါမှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းထဲသောအသင်းဖြစ်ပါတယ်။

Source: TV6 News

“ဒုတိယဂိုးကို ခွင့်ပြုပေးလိုက်တာက လက်ခံနိုင်စရာမရှိပါဘူး။ ဒါကကစားသမားတွေအနေနဲ့ ပွဲအပေါ်မှာ အာရုံစူးစိုက်မှု နည်းပါးလို့ဖြစ်ရတာပါ။ ဖြစ်သွားခဲ့တဲ့ ကစ္စတွေကို ရှင်းပြဖို့ ခက်ခဲပါတယ်။ ဒုတိယပိုင်းကတော့ ကစားပုံမကောင်းခဲ့ဘူး။ ဘောလုံးမကြာခဏ ပြိုင်ဘက်အသင်းဘက်ကို ပေးရတာတွေရှိခဲ့တယ်။ ဒုတိယပိုင်းမှာ တိုးတက်မှု အနည်းငယ်ပဲရှိခဲ့တယ်။ လာလီဂါ ဖလားကို စိန်ခေါ်ဖို့အတွက် အများကြီး နောက်ကျကျန်နေခဲ့ပါပြီ။ ကျွန်တော် အရမ်းကြီးစိတ်ပျက်မိပါတယ်။ သူတို့ (အတ်တလန်တီကို မက်ဒရစ်) နဲ့အမှတ်အများကြီးကွာဟသွားခဲ့ပါပြီ။ တကယ်လို့ ဒီပုံအတိုင်းတာ ဆက်သွားမယ်ဆိုရင် ကျွန်တော်မှာ ပြောစရာမရှိတော့ပါဘူး။” လို့ စနေနေ့က ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသင်းနည်းပြဖြစ်သူ ရော်နယ်ကိုးမန်းက ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ဒီရာသီ လာလီဂါ အမှတ်ပေးချန်ပီယံဆုကို ယှဉ်ပြိုင်နိုင်ဖို့အတွက် လက်ရှိအခြေအနေထက် အများကြီးတိုးတက်လာဖို့ လိုအပ်နေပါသေးတယ်။