ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို တွန်းလှန်နိုင်ဖို့အတွက် ၎င်းရဲ့ဇာတိမွေးရပ်မြေ အာဂျင်တီးနားနဲ့ စပိန်နိုင်ငံမှာရှိတဲ့ ဆေးကုသရေးစင်တာတွေကို ငွေကြေးခွဲဝေလှူဒါန်းခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

Photo: Daily Mail

ဘလွန်းဒီအော် ၆ ကြိမ်ရရှိထားတဲ့ မက်ဆီဟာ လက်ရှိအချိန်မှာတော့ စပိန်လာလီဂါရပ်ဆိုင်းထားမှုကြောင့် အိမ်မှာ သီးခြားစီနေထိုင်နေသူဖြစ်ပြီး စပိန်တစ်နိုင်ငံလုံးကလည်း ကိုရိုနာဗိုင်းရပ်စ် ပိုမိုပျံ့နှံ့မှုမရှိစေဖို့ အိမ်ထဲမှာပဲနေကြဖို့ ညွှန်ကြားခြင်းခံထားရတာဖြစ်ပါတယ်။
လီယွန်နယ်မက်ဆီက ပြီးခဲ့တဲ့အပတ်က မျှဝေခဲ့တဲ့ စိတ်ထိခိုက်ဖွယ်ထုတ်ပြန်ကြေညာချက်ထဲမှာ ပရိသတ်တွေကို ဆေးပညာဆိုင်ရာအကြံပြုချက်တွေကို လိုက်နာကြဖို့ တောင်းဆိုခဲ့ပြီး လက်ရှိအချိန်မှာတော့ ဘာစီလိုနာက ဆေးရုံတစ်ခုကို များပြားတဲ့ငွေကြေးပမာဏ လှူဒါန်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“လီယိုမက်ဆီက ကိုဗစ်-၁၉ ကို တိုက်ခိုက်ဖို့အတွက် လှူဒါန်းခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် လီယို။ ခင်ဗျားရဲ့ ပေးဆပ်မှုနဲ့ ထောက်ခံအားပေးမှုအတွက်ပါ”လို့ ဘာစီလိုနာမြို့ရဲ့ ဆေးရုံက အင်္ဂါနေ့ညက တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Standford University
ကတ်တလန်သတင်းစာ Mundo Deportivo ရဲ့ဖော်ပြချက်အရ မက်ဆီရဲ့ စုစုပေါင်း လှူဒါန်းငွေဟာ ယူရို ၁ သန်းရှိတယ်လို့ သိရပြီး ယင်းထဲက တစ်ဝက်ဟာ အာဂျင်တီးနားမှာရှိတဲ့ နောက်ထပ်ဆေးကုသရေးစင်တာကို ခွဲဝေလှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မက်ဆီရဲ့ လှူဒါန်းမှုကြောင့် ဆေးရုံ ၂ ရုံစလုံးဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တဲ့ PPE ဝတ်စုံတွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းခံထားရတဲ့ လူနာပေါင်းများစွာ အသက်ရှင်သန်နိုင်စေမယ့် ပစ္စည်းတွေကို ဝယ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။