ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုအတွက် သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးကို သိသိသာသာလျှော့ချပေးခဲ့ပြီး ၎င်းတို့အနေနဲ့ ငွေသားနဲ့ ကစားသမားအလိုက်ပေး ကမ်းလှမ်းမှုကို လက်ခံသွားမှာဖြစ်တယ်လို့ ချယ်ဆီးအသင်းကို ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ မကြာသေးမီက လေဗာကူဆင်ကြယ်ပွင့် ကိုင်ဟာဗက်ဘက်ကို စိတ်ဝင်စားမှု ပြောင်းလဲခဲ့ပုံရပေမယ့်လည်း လီဗာပူးကြယ်ပွင့်ဟောင်း ကော်တင်ဟိုကို ခေါ်ယူဖို့အတွက် သတင်းတွေက အခိုင်အမာထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

Photo: LigaLIVE

ဒါပေမယ့် စပိန်သတင်းစာ Sport ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ချယ်ဆီးအသင်း ခေါ်ချင်စိတ်ပြန်ဖြစ်လာအောင် အားထုတ်ခဲ့ပြီး ၎င်းတို့ရဲ့ သတ်မှတ်ပြောင်းရွှေ့ကြေးကို လျှော့ချပေးခဲ့တာကြောင့် လက်ရှိအချိန်မှာ ကော်တင်ဟိုဟာ ကိုင်ဟာဗက်ထက် ဈေးပေါတဲ့ ရွေးချယ်စရာဖြစ်လာခဲ့ပြီလို့ သိရပါတယ်။

လေဗာကူဆင်အသင်းဟာ ၎င်းတို့ရဲ့ ဂျာမန်လူငယ်ကြယ်ပွင့်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၇၅ သန်းထက် ပိုမိုလိုချင်နေတာဖြစ်ပြီး ဘာစီလိုနာအသင်းက ကော်တင်ဟိုကို ပေါင် ၄၄.၅ သန်းလောက်နဲ့သာ ရောင်းထုတ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ယင်းပမာဏဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လီဗာပူးအသင်းကို ပေးချေခဲ့ရတဲ့ ပေါင် ၁၄၂ သန်းနဲ့ နှိုင်းယှဉ်ရင် ကြီးမားတဲ့ကွာဟချက်ဖြစ်နေပြီး ဘာစီလိုနာအသင်းက ကော်တင်ဟိုရဲ့အပြောင်းအရွှေ့မှာ ဗဟိုခံစစ်ကစားသမား သို့မဟုတ် ဘယ်နောက်ခံကစားသမား တစ်ဦးကို အလိုက်အနေနဲ့ ထည့်သွင်းစေချင်နေတယ်လို့ သိရပါတယ်။

Source : talkSPORT

ဘာစီလိုနာအသင်းဟာ ခံစစ်ကို အင်အားဖြည့်တင်းဖို့လိုအပ်နေတာဖြစ်ပြီး ချယ်ဆီးအသင်းကလည်း လက်စတာစီးတီးဘယ်နောက်ခံကြယ်ပွင့် ဘန်ချေးဝဲလ်ကို ခေါ်ယူဖို့ စီစဉ်နေတာကြောင့် မားကို့စ်အလွန်ဆို သို့မဟုတ် အီမာဆင်တို့ထဲက တစ်ဦးကို ရောင်းထုတ်ချင်နေတာနဲ့ အံကိုက်ဖြစ်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။