ဧပြီလ (၂၈) ရက်နေ့ စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ လီဗန်တေးအသင်းတို့ ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းဟာ အဓိကအားထားရတဲ့ ဂန္တဝင်တိုက်စစ်မှူးမက်ဆီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အတူ (၂၆) ကြိမ်မြောက် လာလီဂါချန်ပီယံဆုဖလားကြီးကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ်။ လာလီဂါအမှတ်ပေး ချန်ပီယံဆုကို ရာသီပွဲစဉ် ၃ ပွဲ အလိုမှာ ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး လာလီဂါချန်ပီယံဆုကို နောက်ဆုံး (၁၁) ရာသီအတွင်း (၈) ကြိမ်မြောက် ရရှိခဲ့တဲ့နှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းအနေနဲ့ ဆွာရက်ဇ်၊ ကော်တင်ဟို၊ ဗီဒယ်လ်တို့စတဲ့ ကစားသမားတွေ ပွဲထွက်လာခဲ့တာဖြစ်ပြီး ဘာစီလိုနာရဲ့ အားအထားရဆုံးတိုက်စစ်မှူးမက်ဆီကိုတော့ အရန်လူစာရင်းမှာပဲ ရှိစေခဲ့တာဖြစ်ပါတယ်။

Source : Detik Sport

ပွဲစဉ်စတင်တာနဲ့ တစ်ပြိုင်နက် အိမ်ရှင်ဘာစီလိုနာအသင်းဖက်မှ လီဗန်တေးအသင်းကို သိသိသာသာဖိအားပေး ဦးဆောင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ဦးဆောင်ဂိုးရရှိမယ့် အခွင့်အရေးများစွာရခဲ့ပေမယ့်လည်း တိုက်စစ်ကစားတွေရဲ့ အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေခဲ့တာကြောင့် ဂိုးရရှိမယ့်အခွင့်အရေးတွေများစွာ ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းပွဲချိန်ပြန်လည် စတင်ချိန်မှာတော့ လက်ကျန်ပွဲစဉ်တွေအတွက် ချန်လပ်ထားရတဲ့ ဘာစီလိုနာအသင်းရဲ့ အင်အားကြီး လက်နက်တစ်ခုဖြစ်တဲ့ အဓိကတိုက်စစ်မှူး မက်ဆီကို ကော်တင်ဟို နေရာမှာ လူစားလဲဝင်ရောက်ကစားစေခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်း နည်းပြ ဗယ်လ်ဗာဒီထုတ်သုံးလိုက်တဲ့ လက်နက်ကလည်း အရမ်းကိုထိရောက်မှုရှိတယ်လို့ဆိုရပါမယ်။

Source : Marca

မက်ဆီ လူစားလဲဝင်ရောက်လာတာနဲ့ တစ်ပြိုင်နက်ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ပိုမိုအားကောင်းလာခဲ့ပြီး ပွဲချိန် (၆၂) မိနစ်မှာ ဗီဒယ်လ် ဖန်တီးပေးပို့မှုကနေတစ်ဆင့် တိုက်စစ်မှူးမက်ဆီအကောင်းဆုံးအသုံးချနိုင်ခဲ့ကာ ဘာစီလိုနာအသင်းအတွက် ဦးဆောင်ဂိုးကို စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာတော့ လီဗန်တေးကစားသမားတွေအနေနဲ့ အားမလျော့ဘဲ ချေပဂိုးပြန်လည်ရရှိဖို့ တိုက်စစ်ဆင်ခဲ့ပေမယ့် ဂိုးရရှိခဲ့ခြင်းမရှိတာကြောင့် (၁-ဝ) ဂိုးရလဒ်နဲ့ပဲ အိမ်ရှင်ဘာစီလိုနာအသင်းကို အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။ တိုက်စစ်မှူးမက်ဆီကတော့ ဒီပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးအပါအဝင် ယခုနှစ်ဘောလုံးရာသီ လာလီဂါပြိုင်ပွဲမှာ သွင်းဂိုးစုစုပေါင်း (၃၄) ဂိုးရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကတော့ အိမ်ကွင်းနူးကမ့်ကွင်းကြီးထဲမှာ အနိုင်ရလဒ်နဲ့ (၂၆) ကြိမ်မြောက် လာလီဂါချန်ပီယံဆုဖလားကို ထပ်မံကိုင်မြောက်ခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။

Source : Detik Sport