နယ်ပယ်တစ်ခု ကဏ္ဍတစ်ခွင်မှာ ဆရာကျကျ ကျွမ်းကျင်သူတွေကို ပရော်ဖက်ရှင်နယ်တွေလို့ ခေါ်ကြပါတယ်။ ပရော်ဖက်ရှင်နယ်တစ်ယောက်ဟာ သာမန်ဝန်ထမ်းတွေနဲ့ အဖက်ဖက်က ကွာပါတယ်။ သူတို့ရဲ့ ပညာအစွမ်း နဲ့ အတွေ့အကြုံတွေ အကြံပြုချက်တွေကို အဲ့ဒီနယ်ပယ်က လူတွေက တလေးတစား လက်ခံရစမြဲဖြစ်ပါတယ်။
ပရော်ဖက်ရှင်နယ်စစ်စစ် ဖြစ်လာဖို့ ဖြတ်သန်းရတဲ့ ခရီးလမ်းက ရှည်လျား ကြမ်းတမ်းတတ်ပါတယ်။ တကယ်လို့ သင်ဟာ နယ်ပယ်တစ်ခုခုမှာ ပညာရှင်အဆင့်နဲ့ အထက်တန်းကျကျ ရပ်တည်ချင်တယ်ဆိုရင်တော့ အခုပြောမယ့်အခြေခံအချက်ကလေးတွေ သိထားဖို့ လိုမှာပါ။
(၁) ကိုယ်သွားမယ့်လမ်းကို ရွေးပါ
Photo: Freepik
အရင်ဆုံး ကိုယ်က ဘယ်အပိုင်းမှာ ပရော်ဖက်ရှင်နယ် ဖြစ်ချင်တာလဲဆိုတာကို ပြတ်ပြတ်သားသား တိတိကျကျ ပိုင်းခြားသတ်မှတ်ထားပါ။ Engineering ပိုင်းလို့ ယေဘုယျ သတ်မှတ်ထားတာမျိုး မဟုတ်ဘဲ ဗိသုကာအင်ဂျင်နီယာလား ၊ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာလား ၊ လျှပ်စစ်အင်ဂျင်နီယာလားဆိုတာ သေချာအောင် ခွဲခြားသတ်မှတ်ထားပါ။ ကိုယ်သွားမယ့် လမ်းကြောင်းဟာ ကိုယ့်ရဲ့ အားသာချက် ၊ စွမ်းရည်နဲ့ ပင်ကိုယ်ဗီဇနဲ့ အံဝင်သလားဆိုတာပါ ချိန်ဆဖို့ တိုက်တွန်းချင်ပါတယ်။ ဒါမှ Professional Way မှာ အောင်မြင်မှု ရဖို့ ပိုပြီး သေချာမှာ ဖြစ်ပါတယ်။
(၂) ပန်းတိုင်ဆီ အမြဲဦးတည်နေပါစေ
Photo: Freepik
ကိုယ်လုပ်နေတဲ့ တစ်နေ့တာလုပ်ငန်းစဉ်ဟာ ကိုယ့်ရဲ့ ရည်မှန်းချက်ဆီ ဦးတည်နေတာမျိုးပဲ ဖြစ်ဖို့ လိုပါတယ်။ ကိုယ့်ပရော်ဖက်ရှင်နယ်လမ်းကြောင်းကနေ ဖဲ့ထွက်သွားမယ့် ကိစ္စတွေ လုပ်ရပ်တွေ လုံးဝမလုပ်မိအောင်လည်း အမြဲကိုယ့်ကိုယ်ကိုယ် ပဲ့ပြင်ပေးနေရမှာ ဖြစ်ပါတယ်။ ပန်းတိုင်ဆီ ဦးတည်တယ်ဆိုရာမှာ ကိုယ်သွားမယ့် ပရော်ဖက်ရှင်နယ်လမ်းကြောင်းအတွက် ဘာတွေ လေ့လာဖို့ လိုအပ်သလဲ ၊ ဘယ်နေရာကနေ ကိုယ့်အရည်အသွေးတွေ မြှင့်တင်နေလို့ ရမလဲ ၊ ဘယ်လို လူတွေနဲ့ ပေါင်းသင်းရမလဲဆိုတာအထိ အသေးစိတ် Plan ချထားရင် အကောင်းဆုံးပါပဲ။
(၃) ပရော်ဖက်ရှင်နယ်အသိုင်းအဝိုင်းထဲ ဝင်ပါ
Photo: Freepik
ပညာရပ်ဆိုင်ရာ နယ်ပယ်အလိုက် အဖွဲ့အစည်းတွေဆိုတာ ရှိပါတယ်။ ပညာရှင်အသိုင်းအဝိုင်းထဲကို ဝင်ဖို့ လမ်းကြောင်းတွေကလည်း အများကြီးပါပဲ။ အပြင်မှာ လုပ်တဲ့ Seminar တွေ ၊ ဟောပြောပွဲတွေနဲ့ တွေ့ဆုံပွဲတွေကနေ အွန်လိုင်းနဲ့ အင်တာနက်ဖိုရမ်လို Virtual Groups တွေကနေလည်း အဖွဲ့ဝင်အဖြစ် ဝင်ထားသင့်ပါတယ်။ ပညာရှင်မိတ်ဆွေတွေ နယ်ပယ်တူ ထင်ရှားသူတွေနဲ့ ပေါင်းသင်းပါ။ ဒါဟာ ကိုယ့်ရဲ့ ပညာရပ်ဆိုင်ရာစွမ်းရည်ကို မြှင့်တင်နေတာလည်း ဖြစ်ပါတယ်။