ယောင်္ကျား အတော်များများဟာ ဘီယာကို အမြဲမဟုတ်တောင် အနည်းအများဆိုသလို သောက်ဖူးသူတွေ ဖြစ်မှာပါ။ တကယ်က ဘီယာမှာ အရောင် ၊ အနံ့ အရသာ ၊ ခံစားမှုနဲ့ အယ်ကိုဟောပါဝင်မှုကိုလိုက်ပြီး အမျိုးမျိုး ကွဲပြားပါတယ်။

ရံဖန်ရံခါပဲ သောက်တတ်သူတွေဆိုရင်တော့ ဘာနဲ့ တွဲမြည်းရမလဲဆိုတာ စဉ်းစားရခက်နိုင်ပါတယ်။ ဒီလို လူတွေအတွက် Portland Beer Week တည်ထောင်သူ ဂျွန်ဆင် ဂရင်းနော့က အကြံပြုထားတာတွေ ရှိပါတယ်။

(၁) Light lagers

Photo: spearfishbrewing

Lagers ဘီယာတွေက အရောင်အဖျော့ဆုံးနဲ့ အပျော့ဆုံးလို့ ဆိုရမှာပါ။ ခါးဆိမ့်ဆိမ့်ပဲ ဖြစ်ပြီး ပေါ့ပေါ့ပါးပါး သောက်နိုင်ပါတယ်။ Lager တွေဟာ အသုတ်တွေ ၊ ကြက်တောင်ပံကြော် ၊ ငါးကြော် နဲ့ အာလူးချောင်းတွေနဲ့ တွဲစားသင့်ပါတယ်။

(၂) Wheat Beers

Photo: Patch

ဂျုံနဲ့ ဘာလီစေ့တွေကနေ ဖော်စပ်ထားတဲ့ Wheat ဘီယာဟာလည်း အနံ့ပျော့ပြီး ကောက်နံ့မွှေးပါတယ်။ သူလည်း Lager လိုပဲ ကြက်တောင်ပံ ၊ ခေါက်ဆွဲချဉ်စပ် ၊ အသုတ် ၊ သီးစုံတို့နဲ့ လိုက်ပါတယ်။

(၃) Dark Lagers

Photo: Freepik

Lagers ထဲကမှ Dark Lagers ဟာ အရသာကွဲသလောက် အမျိုးအမယ်စုံပါတယ်။ သူက ချိုခါးပြင်း အမျိုးအစားထဲပါပြီး အနောက်ဥရောပရဲ့ လူကြိုက်များတဲ့ အဖျော်ယမကာတစ်မျိုးလည်း ဖြစ်ပါတယ်။ Dark lagers တွေကို သောက်ရင် ပီဇာတွေ ၊ ဘာဂါတွေ ၊ ဝက်အူချောင်းတွေနဲ့ တွဲစားကြလေ့ရှိပါတယ်။

(၄) Brown Ales

Photo: Ties

ဒီမှာတော့ ဆူရှီနဲ့ ဘီယာမြည်းသူ ရှိပါ့မလားတော့ မသိပါဘူး။ ဒါပေမယ့် Brown ale လိုဘီယာမျိုး သောက်မယ်ဆို ပင်လယ်စာ ဆူရှီ ၊ အသားပြားကင်နဲ့ ငါးတို့က လိုက်ဖက်ပါတယ်။ Brown Ales ဆိုတဲ့အတိုင်း အရောင်က ခပ်ရင့်ရင့်ညိုပြီး ဘာလီညိုစေ့တွေနဲ့ ဖော်စပ်တာ ဖြစ်ပါတယ်။

(၅) Stouts

Photo: homewetbar

Stouts ဘီယာတွေဆို ဘာဘီကျူး အသားကင် ၊ ငါး ၊ ဝက်သားကင် ၊ ပုဇွန်တုတ်ကြီးတွေ နဲ့ ဂဏန်းချက် စတဲ့ ဟင်းလျာတွေ လိုက်ဖက်ပါတယ်။ တစ်ခုရှိတာက ဒီအစားအစာတွေ အကုန််လုံးက ဝိတ်တက်လွယ်တဲ့ အစားအစာတွေ ဖြစ်လို့ ကျန်းမာရေး အလေးထားသူတွေအနေနဲ့ ဘီယာရော အခုပြောခဲ့တဲ့ အစားအသောက်တွေပါ တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။