လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လူ့အဖွဲ့အစည်းမှာ ယောင်္ကျားပီသဖို့အတွက် ဘယ်လိုအရာတွေ လုပ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိတဲ့အရာတွေကို ခေတ်အဆက်ဆက် အမျိုးသားအများစုက လုပ်ဆောင်ခဲ့ကြပါတယ်။ ဥပမာ- ယောင်္ကျားပီသဖို့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ မိန်းကလေးတွေနဲ့ ပွေရှုပ်တာ၊ အလေးမတာ၊ အားကစားကို အလွန်အကျွံလုပ်တာမျိုးတွေကို လုပ်ဆောင်တတ်ကြပြီး အခုဖော်ပြပေးသွားမှာကတော့ ယောင်္ကျားပီသဖို့ဆိုပြီး လုပ်နေကြတဲ့ အမှားတွေပဲ ဖြစ်ပါတယ်။

၁။ ဘောလုံးပွဲကြည့်ဖို့ သို့မဟုတ် အားကစားလုပ်ဖို့ မလိုအပ်ပါဘူး

man watching Football match

Photo: Unsplash

အမျိုးသားအများစုဟာ ဘောလုံးအားကစားကို ဝါသနာပါ ခုံမင်ကြပြီး လက်ဖက်ရည်ဝိုင်းမှာ ဘောလုံးပွဲအကြောင်း အာဘောင်အာရင်းသန်သန် ပြောနိုင်တဲ့သူကို အထင်ကြီးကြပေမယ့် ဘောလုံးအကြောင်း မသိတဲ့သူကို ယောင်္ကျားမဟုတ်သလို ပြစ်တင်ဝေဖန်တတ်ကြပါတယ်။ ဒါဆို ယောင်္ကျားပီသဖို့ ဘောလုံးပွဲကြည့်ဖို့ ဒါမှမဟုတ် အားကစားလုပ်ဖို့ မဖြစ်မနေလိုအပ်လားဆိုတော့ မလုပ်ချင်ရင် မလုပ်ဘဲ နေနိုင်ပါတယ်။ ကိုယ်က လှုပ်လှုပ်ရှားရှားလုပ်ရတာ၊ လူတွေစုပြုံတိုးဝှေ့နေကြတဲ့ အားကစားမျိုးကို မနှစ်သက်ဘဲ လက်မှုပညာ၊ အနုပညာတစ်ခုခု ဝါသနာပါတယ်ဆိုရင် ကိုယ်သဘောမကျတဲ့အရာတွေအတွက် အချိန်မကုန်ဘဲ ကိုယ်ဖြစ်ချင်တဲ့လူမျိုးသာ ဖြစ်အောင်လုပ်သင့်ပါတယ်။

၂။ ဘီယာ၊အရက်သောက်မယ့်အစား အခြားကျန်းမာရေးနဲ့ ညီညွတ်တာကို သောက်သုံးပါ

men gathering to drink beer

Photo: Unsplash

အရက်၊ ဘီယာဟာ ယောင်္ကျားပီသမှုနဲ့ပတ်သက်ပြီး ထူးဆန်းတဲ့ ဓလေ့ထုံးတမ်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး အရွယ်ရောက်လာတဲ့ အမျိုးသားတိုင်းဟာ ယောင်္ကျားပီသကြောင်း ပြသဖို့ မဖြစ်မနေသောက်သုံးဖို့ လိုသလို ဖြစ်နေတာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကောလိပ်ကျောင်း ညစာစားပွဲတွေမှာ သူငယ်ချင်းတွေက ဘီယာခွက်တွေကိုင်ပြီး ခွက်တိုက်ချိန်မှာ သင်က ဘီယာ၊ အရက် မသောက်တတ်သူဖြစ်တာကြောင့် အခြားဖျော်ရည်တစ်မျိုးမျိုးသောက်နေရင် ယောင်္ကျားမပီသသလို ခံစားရအောင် စနောက်ကြတာမျိုး ခံရနိုင်ပါတယ်။ ဒါပေမယ့် အရက်၊ ဘီယာသောက်မှ တကယ် ယောင်္ကျားပီသတာလားဆိုရင်တော့ မဟုတ်ပါဘူး။

ဒါပေမယ့် လူမှုဆက်ဆံရေးအတွက် ဘီယာ၊ အရက်ကို တစ်ခွက်တဖလားလောက် သောက်ပြလိုက်ရင်တော့ အားလုံးရဲ့စိတ်ထဲမှာ သင့်ကို ယောင်္ကျားပီသတဲ့လူအဖြစ် မြင်သွားနိုင်လို့ ငြင်းလို့မရနိုင်တဲ့ မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ ဆုံရင်တော့ တစ်ခွက်လောက်ဖြစ်ဖြစ် သောက်လိုက်တာအကောင်းဆုံးဖြစ်မှာပါ။ ကျန်တဲ့အချိန်တွေမှာတော့ သင်နှစ်သက်တဲ့ အသီးဖျော်ရည်၊ အချိုရည်တွေကို သောက်သုံးတာ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။

၃။ ဝိတ်မတာတစ်ခုတည်းက လေ့ကျင့်ခန်းမဟုတ်ပါဘူး

man lifting weight

Photo: Unsplash

သင်က အလေးမ အားကစားလုပ်သူမဟုတ်ဘူးဆိုရင်လည်း အလေးမခြင်းတစ်ခုတည်းက ယောင်္ကျားတွေအတွက် လေ့ကျင့်ခန်းလို့ သတ်မှတ်ထားတာမဟုတ်လို့ အဆင်ပြေပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့အတွပ် အခြားနည်းလမ်းတွေအများကြီးရှိနေပြီး ယောဂ၊ ရေကူးတာ၊ စက်ဘီးနင်းတာ၊ တောင်တက်တာ၊ ပြေးတာတွေကို လုပ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအကြောင်းကို ပြောတဲ့အခါမှာ ကြွက်သားထုကြီးမားတာနဲ့ ယောင်္ကျားပီသမှုက ဆက်စပ်မနေပါဘူး။ တကယ်လို့ သင်က ကြွက်သားတွေပိုင်ဆိုင်ထားတဲ့ သူမဟုတ်ဘူးဆိုရင် ဗလတောင့်တောင့် အခြားအမျိုးသားတွေနဲ့ နှှိုင်းယှဉ်ပြီး အားငယ်နေစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းက သွားနေတဲ့လမ်းကြောင်းချင်း မတူလို့ပါ။ အပြေးသမားတစ်ယောက်အတွက် ထုထည်ကြီးမားတဲ့ ကြွက်သားတွေ ရှိနေဖို့ မလိုအပ်တာကို သတိပြုပါ။

၄။ ခံစားချက်တွေကို မြိုသိပ်ထားစရာ မလိုပါဘူး

man alone

Photo: Unsplash

လူငယ်အရွယ်မှာ လူမှုအသိုင်းအဝိုင်းက ယောင်္ကျားလေးဆိုတာ မျက်ရည်မကျရဘူးဆိုတဲ့ အလားတူ အဓိပ္ပာယ်မျိုး သက်ရောက်တဲ့ စကားတွေ ပြောတတ်ကြပြီး စိတ်ထဲမှာ ယောင်္ကျားဆိုတာ ကြမ်းတမ်းခက်ထန်ရမယ်ဆိုတဲ့အတွေးမျိုး ဝင်သွားလေ့ရှိကြပါတယ်။ ငိုကြွေးတာဟာ ယောင်္ကျားတွေ မလုပ်ကြတဲ့အရာလို့တောင် မှတ်ယူတတ်ကြပြီး ခံစားချက်တွေကို မြိုသိပ်ထားနိုင်သူက ယောင်္ကျားပီသသူလို့ အများစုက ထင်မြင်ယူဆထားကြပါတယ်။ ဒါပေမယ့် ယောင်္ကျားဟာလည်း ခံစားတတ်တဲ့ အသည်းနှလုံးပိုင်ဆိုင်ထားပြီး သဘာဝတရားအရ မျက်ရည်ကျနိုင်တဲ့ အရည်အချင်းလည်း ပိုင်ဆိုင်ထားတာကြောင့် ဝမ်းနည်းကြေကွဲစရာရှိရင် ကြိတ်မှိတ်မခံဘဲ ပေါ့ပါးသွားအောင် ငိုချလိုက်ပါ။ ခံစားချက်တွေကို ကြိတ်မှိတ်မြိုသိပ်ထားတာက သင့်ရဲ့ ကျန်းမာရေးအတွက် အထောက်အကူ မဖြစ်နိုင်ပါဘူး။

၅။ ဟင်းချက်တတ်တာက အရည်အချင်းကောင်းတစ်ခုပါ

man cooking

Photo: Unsplash

ယောင်္ကျားလေးတွေကို မိဘ၊ ဆွေမျိုး၊ ဘိုးဘွားတွေက မီးဖိုချောင်ဝင်ရင် မိန်းကလေးတွေ အလုပ်မို့ မဆိုင်တဲ့နေရာကို မလာဖို့ မောင်းထုတ်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီခေတ်က ကုန်ဆုံးသွားပြီဖြစ်ပြီး သင်က သင့်ရဲ့ ချက်ပြုတ်ရေးစွမ်းရည်နဲ့ မိန်းကလေးတွေရဲ့ သဘောကျနှစ်သက်မှုကိုတောင် ဆွဲဆောင်နိုင်တဲ့အချိန်မှာ နေထိုင်နေရတာဖြစ်ပါတယ်။ သင်သာ ထမင်းဟင်းကောင်းကောင်း ချက်ပြုတ်တတ်ရုံတင်မကဘဲ အခြားအကြော်အလှော်၊ အသားကင်နည်းတွေကိုပါ တတ်ကျွမ်းထားမယ်ဆိုရင် အားလပ်ရက်မှာ မိသားစုနဲ့ အပန်းဖြေခရီးထွက်ရင်း တပျော်တပါး အသားကင်လုပ်စားနိုင်တယ်ဆိုတာကို ကြိုတွေးထားသင့်ပါတယ်။ ဟင်းချက်တတ်လို့ ယောင်္ကျားမပီသဘူးဆိုတဲ့ အတွေးကို မေ့ထားပြီး ကိုယ်တိုင်အတွက်ရော မိသားစုအတွက်ပါ ပျော်ရွှင်မှုတွေ ဖန်တီးနိုင်တဲ့ အရည်အချင်းမျိုး ပိုင်ဆိုင်ထားသူအဖြစ် ကိုယ့်ကိုကိုယ် ဂုဏ်ယူသင့်ပါတယ်။

Featured Photo: scentbird