အပြုအမူတွေဟာ ဘာသာစကားတွေ ဖြစ်ပြီး အဓိပ္ပါယ်ရှိတဲ့ဝါကျတွေ ပြောနေကြတယ်လို့ ဆိုကြပါတယ်။ လူမှုဆက်ဆံရေးပုံစံကောင်းတစ်ခုကို တည်မြဲစေဖို့ စကားလုံးတွေနဲ့ အပြုအမူတွေက အချိုးတူအလုပ်လုပ်ပါတယ်။ ဒါကြောင့် Relationship ကောင်းတစ်ခု ရေရှည်တည်တံ့ဖို့နဲ့ ခင်မင်ရင်းနှီးမှုကို ခိုင်မြဲစေဖို့အတွက် ရှောင်ရှားသင့်တဲ့ လူမှုဆက်ဆံရေးဆိုင်ရာ အပြုအမူတချို့အကြောင်း ပြောပြချင်ပါတယ်။

(၁) အမြဲတမ်း ပြစ်တင်ဝေဖန်ခြင်း

Two men working together

Photo: Unsplash

ကောင်းစေချင်လို့ စေတနာနဲ့ ‌ထောက်ပြဝေဖန်တာဟာ မိတ်ဆွေကောင်းတွေရဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမြဲတမ်း ပြစ်တင်ဝေဖန်နေတာကတော့ လူမှုဆက်ဆံရေးကို ပျက်စီးစေတဲ့ အပြုအမူဆိုတာ မမေ့သင့်ပါဘူး။ မိသားစုအတွင်းမှာပဲ ဖြစ်ဖြစ် သူငယ်ချင်းမိတ်ဆွေနဲ့ ချစ်သူရည်းစားတွေအကြားမှာ ဖြစ်ဖြစ် ဝေဖန်မှုလုပ်မယ်ဆိုရင် အခြေအနေကို ချိန်ဆပြီး ဝေဖန်ပါ။ ထပ်တလဲလဲ ပြစ်တင်တာမျိုးကို ရှောင်ပါ။ တကယ်အရေးကြီးတဲ့ကိစ္စဖြစ်မှ ဝေဖန်ပါလို့ ပြောချင်ပါတယ်။

(၂) လေးစားမှု မရှိခြင်း

Men conversation

Photo: Unsplash

ဘယ်လောက်ရင်းနှီးတဲ့ မိတ်ဆွေဖြစ်ဖြစ် နှစ်ဦးအကြားမှာ ထိုက်သင့်တဲ့ လေးစားမှုမျိုး ရှိမှ အဆင်ပြေတဲ့ ဆက်ဆံရေးဖြစ်လာမှာပါ။ ဘယ်သူမဆို အသိအမှတ်ပြုခံရချင်တယ် ၊ လေးစားမှုနဲ့ နေရာပေးခံရချင်တယ်ဆိုတာ မမေ့ပါနဲ့။ Respect မရှိတာဟာ Relationship တစ်ခုအတွက် အဖျက်လက်နက်တစ်ခုပါပဲ။ တစ်ယောက်ကိုတစ်ယောက် တကယ်လှိုက်လှိုက်လှဲလှဲ ရင်းနှီးချစ်ခင်သူတွေဟာ အချင်းချင်းအကြား လေးစားမှုထားတတ်ပါတယ်။ လေးစားမှုဆိုတာ တစ်ဖက်လူရဲ့စိတ်နေစိတ်ထားကို လေးစားတာ ၊ သူ့ရပ်တည်ချက်နဲ့ အသက်မွေးမှုကို လေးစားတာ ၊ သူ့အချိန်နဲ့ သူ့အနေအထားကို လေးစားတာ စသည်ဖြင့် ဘောင်ကျယ်ကျယ် ပါဝင်နေပါတယ်။

(၃) ကိုယ့်အပြစ်ကို သိပ်ကာလွန်းခြင်း

working partners

Photo: Unsplash

လူတိုင်းက ကိုယ့်အမှားမဟုတ်ကြောင်း သက်သေပြဖို့ ကြိုးစားချင်ကြစမြဲပါပဲ။ မှန်တဲ့အချိန်မျိုးမှာတောင် ကိုယ်မှန်ပါတယ်ဆိုတာကို သိပ်မဏ္ဍပ်တိုင်တက်ပြလွန်းရင် လူမုန်းများကြတာပါပဲ။ မှားနေတဲ့အချိန်မှာ ကိုယ်မမှားပါဘူးဆိုပြီး သိပ်ကာကွယ်လွန်းရင်တော့ ကြည့်ရ ရုပ်ဆိုးလွန်းသွားပါပြီ။ ကိုယ့်အပြစ်ကိုယ် သိပ်ကာလွန်းတဲ့လူကို ဘယ်သူမှ ရေရှည်ချစ်ချစ်ခင်ခင် ပေါင်းသင်းချင်စိတ်ဖြစ်မှာ မဟုတ်ပါဘူး။

(၄) ပြိုင်ခြင်း

Friendship

Photo: Unsplash

ပြိုင်ချင်စိတ် တစ်ဖက်နဲ့ ပေါင်းသင်းနေတဲ့သူဟာ အပေါင်းအသင်းတော့ ဖြစ်ချင်ဖြစ်မယ်။ မိတ်ဆွေဖြစ်လာဖို့ မလွယ်ပါဘူး။ မိတ်ဆွေဆိုတာ ပြိုင်ဘက်တွေ မဟုတ်ပါဘူး။ Partner တွေပဲ ဖြစ်ပါတယ်။ ပြိုင်ချင်တဲ့စိတ်နဲ့ ဆက်ဆံနေတဲ့ ဆက်ဆံရေးဟာ တကယ်လေးနက်စစ်မှန်တဲ့ ရင်းနှီးခင်မင်မှု ဖြစ်လာမှာ မဟုတ်သလို ဘယ်တော့မှလည်း လွတ်လပ်ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။

Featured Photo: Time of India