အိပ်စက်ခြင်းဟာ လူတစ်ယောက်ရဲ့ စိတ်နှင့် ခန္ဓာကိုယ်ကျန်းမာခြင်းအတွက် များစွာအထောက်အပံ့ပေးပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်အတွက် တစ်နေ့တာမှာအနည်းဆုံး ၇ နာရီကနေ ၉ နာရီကြား အိပ်ချိန်လုံလုံလောက်လောက် အိပ်စက်အနားယူသင့်တယ်လို့ သုတေသီများရဲ့ လမ်းညွန်ချက်တွေကိုလည်း တော်တော်များများကြားဖူးကြမှာပါ။ ဒီနေ့ဆောင်းပါးလေးကတော့ လူတွေဟာ ဘာကြောင့်အိပ်စက်ခြင်းကို ဦးစားပေးသင့်သလဲ။ အိပ်ရေးဝဝ အိပ်စက်ဖို့ဘာကြောင့်လိုအပ်လဲ။ အိပ်ရေးဝဝအိပ်စက်ရင် စိတ်နှင့် ခန္ဓာကိုယ်အပေါ် ဘယ်လိုအကျိုးကျေးဇူးတွေ သက်ရောက်စေလဲဆိုတဲ့ မေးခွန်းလေးတွေကိုဖြေပေးချင်ပါတယ်။
(၁) အာရုံစူးစိုက်မှုကောင်းစေတယ်

Source : BrainMD
အိပ်ချိန်လုံလုံလောက်လောက်ရှိခြင်းက ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို တိုးတက်ကောင်းမွန်စေပြီး အာရုံစူးစိုက်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချခြင်းတွေ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ သာမက ယာဉ်မောင်းခြင်းကဲ့သို့ အာရုံစူးစိုက်ရတဲ့အရာတွေအပေါ်မှာပါ ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုများရရှိစေနိုင်ပါတယ်။
(၂) ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းထားပေးနိုင်တယ်

Source : Medical News Today
ကောင်းစွာအိပ်စက် အနားယူထားမယ်ဆိုရင် ခန္ဓာကိုယ်မှာ စွမ်းအင်ပြည့်ဝနေပြီး အစားစားချင်စိတ်ကိုလျော့ချပေးတာကြောင့် သင့်တင့်မျှတတဲ့ကိုယ်အလေးချိန်ကို ထိန်းထားပေးနိုင်မှာဖြစ်ပါတယ်။ လေ့လာမှုတွေအရ အိပ်ရေးပျက်များသူတွေဟာ အိပ်ရေးဝဝအိပ်စက်ထားရှိသူထက် ခန္ဓာကိုယ်စွမ်းအင်ပိုမိုလိုအပ်ပြီး ဆာလောင်မွတ်သိပ်မှုဒဏ်ကို ထိန်းချုပ်ရခက်ခဲတာကြောင့် ကျန်းမာရေးနှင့်မညီညွတ်တဲ့ စားသောက်မှုပုံစံတွေ သကြားဓာတ်များတဲ့အစားအစာတွေကို ပိုစားမိကြကာ အဝလွန်နိုင်ခြေပိုများတာဖြစ်ပါတယ်။
(၃) ကိုယ်ခံအားကောင်းစေတယ်

Source : Men’s Journal
အိပ်ရေးဝဝအိပ်စက်အနားယူခြင်းက ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေပြီး ကူးစက်ရောဂါပိုးမွှားတွေနှင့် ဖျားနာခြင်းတွေ အလွယ်တကူမဝင်ရောက်လာနိုင်အောင် တားဆီးပေးပါတယ်။ ကောင်းစွာအိပ်စက်ထားတဲ့ ခန္ဓာကိုယ်ဟာ လန်းဆန်းတက်ကြွပြီး အားအင်ပြည့်ဝနေမှာဖြစ်တာကြောင့် တော်ရုံကူးစက် ရောဂါပိုးမွှားတွေကို ကာကွယ်တိုက်ထုတ်ပေးကာ ကျန်းမာပျော်ရွှင်နေစေမှာဖြစ်ပါတယ်။
(၄) စိတ်ဖိစီးမှုနည်းစေတယ်

Source : Freepik
စိတ်ဖိစီးမှုများခြင်း စိတ်ဓာတ်ကျခြင်းတွေရဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ အိပ်ရေးပျက်ခြင်းက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ညဘက်ကောင်းစွာအိပ်စက်မထားဘူးဆိုရင် နောက်တနေ့မှာလန်းဆန်းတက်ကြွမှုတွေပျောက်ဆုံးနေပြီး လေးလံထှိုင်းမှိုင်းကာ စိတ်ခံစားမှုလည်းမကောင်းတဲ့ဘက်ကို ထိုးကျနေပါလိမ့်မယ်။ ဒါကြောင့်လူတိုင်း အိပ်ရေးဝဝအိပ်စက်ပေးဖို့ လိုတာပေါ့။ အိပ်ရေးဝဝအိပ်စက်ထားမယ်ဆိုရင်တော့ စိတ်ခံစားမှုလည်းကောင်းမွန်နေမှာဖြစ်သလို ပျော်ရွှင်မှုဟော်မုန်းဓာတ်တွေလည်းမြင့်တက်နေမှာဖြစ်ပြီး နေ့စဉ်ဘဝမှာကြုံတွေ့ရနိုင်တဲ့ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်ခြင်းတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။
အိပ်ရေးဝဝအိပ်စက်ခြင်းရဲ့နောက်ထပ်ကောင်းကျိုးတွေကတော့ အလုပ်ခွင် နှင့် လူမှုပေါင်းသင်းဆက်ဆံရေးနယ်မှာ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ခြင်း ၊ နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး နှလုံးရောဂါဖြစ်နိုင်ခြေလျော့နည်းစေခြင်း ၊ မှတ်ဥာဏ်စွမ်းရည်တိုးတက်စေခြင်း ၊ အိုမင်းရင့်ရော်ခြင်းကိုနှေးကွေးစေခြင်း၊ နုပျိုလန်းဆန်းတဲ့ အသွင်ကိုဆောင်စေခြင်း ၊ နေ့ရက်တိုင်း ကျန်းမာပျော်ရွင်ခြင်းတွေကို ခံစားရနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။
