ဂီတဟာ လွတ်လပ်တယ် ၊ အနှောင်အဖွဲ့ ကင်းတယ်။ သတ်မှတ်ချက် မရှိဘူး ၊ ကန့်သတ် ချက်မရှိဘူး။ လူတစ်ယောက်ရဲ့ စိတ်ခံစားမှုကို အလုံး စုံပြောင်းလဲနိုင်စွမ်းရှိတယ် ၊ ငြိမ်းချမ်းခြင်းတွေဆီ ခေါ်ဆောင်သွားနိုင်တယ်။ ဒါဟာဂီတရဲ့ စွမ်းအားတွေပါပဲ။ ဂီတဟာ ဖျော်ဖြေရေး သက်သက်ထက်ပိုပါတယ်။  လူတွေရဲ့ စိတ်နဲ့ ခန္ဓာကို ကုစားနိုင်တဲ့ မှော်ဝင်ဆေးတစ်ခွက်လို့လည်း ပြောနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ပေါက်ကွဲမှုပြင်းထန်တဲ့  Heavy Metal သီချင်းတွေကို ဘာကြောင့်နားထောင်သင့်လဲ ၊ Heavy Metal သီချင်းတွေက ဘယ်လိုကောင်းကျိုးတွေရစေလဲဆိုတာ မျှဝေပေးချင်ပါတယ်။

(၁) ဒေါသစိတ်ကို ပြေလျော့စေတယ်


Photo : Fair Observer

လေ့လာမှုများအရ Heavy Metal သီချင်းတွေဟာ လူတွေရဲ့ ဝမ်းနည်းမှုနဲ့ ဒေါသစိတ်တွေကို ပြေလျော့သက်သာနိုင်စွမ်းရှိတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ စိတ်ဖိစီးမှုနဲ့ မကောင်းတဲ့ခံစားချက်တွေကို ကုစားနိုင်စွမ်းရှိပြီး အကောင်းမြင်စိတ်ကို ပိုမိုအားကောင်းစေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ စိတ်ခံစားချက်တွေများနေချိန် ၊ ဝမ်းနည်းဒေါသထွက်နေချိန်တွေမှာ ပေါက်ကွဲသံစဉ်တွေနဲ့ Heavy Metal သီချင်းတွေဖွင့်ပြီး လွင့်မြောကြည့်လိုက်ပါ။

(၂) အကြမ်းဖက်မှု လျော့နည်းစေတယ်

Photo : MetalSucks

Heavy Metal ဂီတဟာ ကြမ်းတမ်းရိုင်းစိုင်းတဲ့ သဘောကိုဆောင်တယ်လို့ ယူဆလို့ရပေမယ့် မကြာသေးမီက လေ့လာမှုတစ်ခုအရ Rock နဲ့ Heavy Metal သီချင်းနားထောင်သူတွေဟာ အကြမ်းဖက် ကျူးလွန်လိုစိတ် နည်းပါးကြတယ်လို့ သိပ္ပံပညာရှင်တွေက အတည်ပြုထားပါတယ်။ Rock နဲ့ Heavy Metal သီချင်းတွေ နားထောင်ခြင်းဟာ စိတ်နှလုံးအေးချမ်းစေပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ရွှင်မှုကို ပိုမိုခံစားရစေနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) ဦးနှောက်စွမ်းရည် တိုးတက်စေတယ်


Photo : uDiscoverMusic

Heavy Metal သီချင်းတွေ ပုံမှန်နားထောင်မယ်ဆိုရင် မှတ်ဉာဏ်နဲ့ သိမှုစွမ်းရည် တိုးတက်လာစေမှာဖြစ်ပါတယ်။ စစ်တမ်းများအရ သီချင်းနားထောင်သူတွေနဲ့ သီချင်းနားမထောင်သူတွေကို နှိုင်းယှဉ်ကြည့်ရမှာလည်း သီချင်းပုံမှန်နားထောင်သူတွေရဲ့ ဦးနှောက်စွမ်းရည်ဟာ ပိုမိုကောင်းမွန်တာကို တွေ့ရှိရပါတယ်။ Rock နဲ့ Heavy Metal သီချင်းတွေ နားထောင်တာက ရေတိုနဲ့ ရေရှည် မှတ်ဉာဏ်စွမ်းဆောင်ရည်တွေကို တိုးစေနိုင်တယ်လို့ ၂၀၁၅ ခုနှစ်က လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။

(၄) အသက်ရှည်ကျန်းမာစေတယ်

Photo : Happy Mag

Heavy Metal သီချင်းတွေ နားထောင်ခြင်းဟာ ကျန်းမာပျော်ရွှင်တဲ့ လူမှုဘဝကို ရရှိနိုင်ဖို့ များစွာအထောက်အကူ ဖြစ်စေပါတယ်။ Heavy Metal သီချင်းတွေနားထောင်တဲ့အခါ စိုးရိမ်ပူပန်မှုတွေကို လျော့ချပေးနိုင်ပြီး သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကို ကျဆင်းစေကာ ကျန်းမာပျော်ရွှင်စေဖို့များစွာ အထောက်အကူပေးနိုင်ကြောင်း သိပ္ပံပညာရှင်တွေက အတည်ပြုပေးထားပါတယ်။

Featured Photo : uDiscoverMusic