ဂီတသံစဉ်က လူတွေရဲ့ စိတ်ကို နူးညံ့စေတယ်လို့ မကြာခဏပြောလေ့ရှိကြပါတယ်။ ဟုတ်ပါတယ် တေးဂီတ သီချင်းတွေကိုနားထောင်ခြင်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိသလို ဂီတတူရိယာတစ်ခုခုတီးခတ်ခြင်းကလည်း စာဖတ်သူတို့ကို အကျိုးကျေးဇူး များစွာပေးစွမ်းနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဂစ်တာတီးခြင်းကနေ ရရှိလာမယ့် အကျိုးကျေးဇူးတွေအကြောင်းပြောပြပေးချင်ပါတယ်။
Source : TMW
အပေါင်းအသင်းများစေတယ် – ဂစ်တာစတီးပြီဆိုတာနဲ့ တခြားသော ဝါသနာတူ ဂီတသမားတွေ ပညာရှင်တွေနဲ့ တွေ့ဖြစ်ဖို့အခွင့်အရေးပိုများပါတယ်။ အဖွဲ့လိုက် ဂစ်တာတီးကြသည်ဖြစ်စေ စီနီယာဂစ်တာသမားတွေစီကနေ လေ့လာသင်ယူခြင်းဖြင့်ဖြစ်စေ ဂစ်တာနယ်ပယ်ကလူအများစုနဲ့ တွေ့ဆုံတက်ကြလေ့ရှိတာကြောင့် သင့်ကိုအရင်ကထက် အပေါင်းအသင်းပိုများလာစေမှာဖြစ်ပါတယ်။နောက်ထပ်တစ်ခုက ဂစ်တာတီးခတ်တက်သူတွေဟာ အပေါင်းအသင်းတွေကြားမှာပိုပြီးထင်ပေါ်မှုရှိပြီး လူတွေရဲ့ အာရုံစိုက်မှု ခင်မင်မှုကိုပိုပြီးရရှိကြပါတယ်။
စိတ်ဖိစီးမှုလျော့ကျစေတယ် – ဂစ်တာစတီးတဲ့အချိန်မှာ စိတ်ဖိစီးမှုလျော့ကျခြင်း မကျခြင်းက သိသာထင်ရှားမှုရှိချင်မှရှိပါလိမ့်မယ်။ ဒါပေမယ့် သင့်အနေနဲ့ ဂစ်တာတီးတာကြာလာတာနဲ့အမျှ ဂစ်တာတီးခတ်တဲ့ ဝါသနာပေါ်မှာလိုက်ပြီးပျော်ရွှင်မှုကိုခံစားရစေမှာဖြစ်သလို စိတ်ဖိစီးမှုတွေလည်းလျော့ကျလာတာကိုသိသိသာသာခံစားရမှာပါ။
Source : Play Guitars
မှတ်ဉာဏ်စွမ်းရည်တိုးစေတယ် – ဂစ်တာတီးခတ်ခြင်းက သင့်ရဲ့ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး မှတ်ဉာဏ်စွမ်းရည်တိုးတက်စေနိုင်ပါတယ်။ ဂစ်တာမှမဟုတ်ပါဘူး တခြားသော တူရိယာတစ်ခုခုတီးခတ်ခြင်းကလည်း ထို့နည်းတူပဲ လူတွေရဲ့ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်တိုးတက်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေမှာဖော်ပြထားပါတယ်။
အပိုဝင်ငွေရှာနိုင်တယ် – သင့်အနေနဲ့ ဂစ်တာတီးခတ်ခြင်းမှာ ကျွမ်းကျင်တဲ့ပညာရှင်အဆင့်ကိုရောက်လာပြီဆိုတာနဲ့ အပိုဝင်ငွေပါရှာနိုင်လာမှာဖြစ်ပါတယ်။ အချိန်ပိုင်း ဂစ်တာသင်တန်းပြခြင်း ဒါမှမဟုတ် Music Band တွေမှာ ဝင်ရောက်တီးခတ်ခြင်း ဝါသနာနဲ့ ပါရမီပါတယ်ဆိုရင် ကိုယ်ပိုင်သီချင်းရေးခြင်းဖြင့်လည်း အပိုဝင်ငွေရှာလို့ရနိုင်ပါတယ်။
Source : Symphony Sargam
စိတ်ခံစားမှုကောင်းစေတယ် – လေ့လာမှုတွေအရ ဂစ်တာအပါအဝင်တခြားသော ဂီတတူရီယာတစ်ခုခုတီးခတ်ခြင်းက dopamine ဟော်မုန်းဓာတ်တွေမြင့်တင်ပေးပြီး စိတ်ခံစားမှုကိုပိုမိုကောင်းစေကာ ပျော်ရွှင်တဲ့ခံစားချက်မျိုးရရှိစေတယ်လို့ လေ့လာသူတွေကဆိုထားပါတယ်။ ဒါကြောင့်ဂစ်တာတီးသူအများစုက စိတ်ဖိစီးမှုများနေချိန် အကြောင်းကြောင်းကြောင့် ပင်ပန်းနွမ်းနယ်နေချိန်မှာ ဂစ်တာလေးခေါက်လေ့ရှိကြတာဖြစ်ပါတယ်။