အားကစားတစ်ခုခု လုပ်တော့မယ်ဆိုရင် အရင်ဆုံး အရေးကြီးတဲ့ ပြုဖွယ်တစ်ခုက အကြောလျှော့ခြင်း Stretching ပဲ ဖြစ်ပါတယ်။ အကြောလျှော့ခြင်းဟာ ၃-၄ မိနစ်လောက်ပဲ ကြာပေမယ့် ကိုယ်လက်အားကစားလှုပ်ရှားမှုမှာ တကယ်ကို အရေးကြီးတဲ့ အလုပ်ပါပဲ။
အကြောမလျှော့ဘဲ အားကစားလုပ်မယ်ဆိုရင် Performance ကျပြီး ထိခိုက်ဒဏ်ရာပါ ရနိုင်ပါတယ်။ Stretching လုပ်ထားပြီးမှ အားကစားလုပ်မယ်ဆိုရင် အခုပြောမယ့် အကျိုးကျေးဇူးတွေ ရမှာ ဖြစ်ပါတယ်။

(၁) လှုပ်ရှားရ ပိုကောင်းတယ်

Photo: blitzdmagazine

အသက်ကြီးလာရင် အရိုးအဆစ် အကြောအချဉ်တွေ တင်းမာပြီး လှုပ်ရရှားရခက်လာတတ်ပါတယ်။ ပုံမှန်အကြောလျှော့တဲ့အကျင့်တွေ လုပ်ပေးခြင်းအားဖြင့် နေ့တိုင်းမှာ လုပ်ရှားရလွယ်ကူပြီး အရိုးအကြောတွေ ပျော့ပြောင်းလို့ နေရထိုင်ရတာ ပေါ့ပါးသွက်လက်နေမှာ ဖြစ်ပါတယ်။

(၂) ထိခိုက်မှု အဖြစ်နည်းတယ်

Photo: healthline

ဘယ်အားကစားသမားမဆို အားကစားမလုပ်ခင်မှာ အကြောလျှော့ရပါတယ်။ အဓိကအကြောင်းရင်းတစ်ခုက ကိုယ်လုပ်တဲ့အားကစားလုပ်ရပ်တွေအတွက် အရင်ဆုံး ကြွက်သားတွေကို အဆင်သင့်ဖြစ်စေဖို့ သွေးနွှေးလိုက်တာပါပဲ။ အကြောလျှော့ခြင်းအားဖြင့် ကြွက်သားလှုပ်ရှားမှုဟာ ချောဆီထည့်လိုက်သလိုမျိုး မလိုလားအပ်တဲ့ ထိခိုက်ဒဏ်ရာရမှုကို ကာကွယ်ပေးပါတယ်။

(၃) သွေးလည်ပတ်မှု ပိုကောင်းတယ်

Photo: smashingfifty

ကြွက်သားထဲက ဆဲလ်တွေဆီ အာဟာရဓါတ်ပေးပို့ဖို့ သွေးစီးဆင်းမှု ရှိသင့်ပါတယ်။ သွေးစီးဆင်းမှုရှိဖို့ဆို Stretching လုပ်ခြင်းအားဖြင့် သွေးလည်ပတ်မှုပိုကောင်းလာစေပြီး ကြွက်သားတွေ ကြီးထွားရေးအတွက်ပါ ပိုပံ့ပိုးလာနိုင်ပါတယ်။ ဒါကြောင့် အားကစားမလုပ်ခင်နဲ့ အားကစားလုပ်ပြီးနောက် Stretching လုပ်ခြင်းအားဖြင့် ကြွက်သားတွေအတွက် အကျိုးများသလို ထိခိုက်ဒဏ်ရာကနေ သက်သာဖို့ပါ အကူအညီပေးပါတယ်။

(၄) ကိုယ်နေဟန်ထား ပိုမှန်လာတယ်

Photo: Freepik

ကြွက်သားဟန်ချက်မညီမှုကို အားကစားသမားတွေမှာရော ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ အထိုင်များတဲ့သူတွေမှာပါ အတွေ့များပါတယ်။ ကြွက်သားဟန်ချက်မညီခြင်း ဖြစ်လာရင် ကိုယ်နေဟန်ထား Posture မှန်လာပါတယ်။ ပုံမှန် အကြောလျှော့ခြင်းအားဖြင့် အရိုးဖွဲ့စည်းပုံတွေ ပုံစံကျလာပြီး အချိုးကျလာပါလိမ့်မယ်။

(၅) စိတ်ဖိစီးမှု သက်သာစေတယ်

Photo: healthline

လူဟာ တစ်နေကုန် အလုပ်ကိစ္စ ၊ လူမှုရေးကိစ္စတွေနဲ့ စိတ်အကြောတွေ တင်းနေပါတယ်။ များသောအားဖြင့် အကြောတင်းနေတာကို မသိတာ များပါတယ်။ သတိထားကြည့်မယ်ဆိုရင် ပုခုံး ၊ လည်ပင်းနဲ့ နောက်ကျောတွေ တင်းနေတာ တွေ့ရပါလိမ့်မယ်။

အကြောလျှော့ခြင်းအားဖြင့် ကိုယ်လက်လှုပ်ရှားရ သွက်လက်ပေါ့ပါးလာသလို စိတ်ပင်ပန်းမှု ၊ စိတ်ဖိစီးမှုလည်း သက်သာရာရလာစေတယ်လို့ ဆိုပါတယ်။ ကြွက်သားတွေ ပြေလျော့ပေါ့ပါးသွားခြင်းအားဖြင့် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေပါ လျော့ကျသွားတာကို သိသိသာသာ ခံစားလာရမှာ ဖြစ်ပါတယ်။