သြစတြေးလျသရုပ်ဆောင် ခရစ္စ ဟန်းစ်ဝေါ့သ်ဟာ မာဗယ်ဇာတ်လမ်းတွဲထဲက မိုးကြိုးနတ်ဘုရား သောအဖြစ် လူသိများပေမယ့် အဲဒီလို ဇာတ်ကောင်မဟုတ်ဘဲ အခြား ဇာတ်ကောင်အနေနဲ့ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေလည်း များစွာ ရှိနေပါသေးတယ်။

ဟန်းစ် ဝေ့ါသ်ဟာ ဟာသကနေ သည်းထိတ်ရင်ဖို၊ ဒရာမာ၊ စိတ်ကူးယဉ် သိပ္ပံဇာတ်ကားတွေအထိ ပါဝင်သရုပ်ဆောင်ထားပြီး သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေများစွာထဲကမှ အကောင်းဆုံး ဇာတ်ကား ၅ ကားကို ဖော်ပြပေးလိုက်ပါတယ်။

၅။ Rush (2013)

Rush (2013)

Photo: The Manual

Rush ဇာတ်ကားဟာ ပြိုင်ကားမောင်းနှင်ရတာကို နှစ်သက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ သဘောကျနှစ်ခြိုက်မယ့် ဇာတ်ကားမျိုးဖြစ်ပြီး Cinderella Man ဇာတ်ကားရိုက်ကူးပြီးကတည်းက ဒါရိုက်တာ ရွန်ဟောင်းဝက်ရဲ့ တစ်ခုတည်းသော ဇာတ်ကားနဲ့ အကောင်းဆုံးအားကစားနဲ့သက်ဆိုင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ်ကာလတွေမှာ ဂျိမ်းစ်ဟန့်တ်(ဟန်းစ်ဝေ့ါသ်)နဲ့ နီကီ လူဒါ(ဒန်နီရယ် ဘရော)တို့ဟာ ၎င်းတို့ရဲ့ ခါးသီးလှတဲ့ ပြိုင်ဆိုင်မှုကို စတင်ခဲ့ကြပြီး အကောင်းဆုံးပြိုင်ကားမောင်းသမားဖြစ်လာဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် ရေကုန်ရေခမ်း ယှဉ်ပြိုင်ကြပါတယ်။

ဒီဇာတ်ကားထဲက ဟန်းစ်ဝေ့ါသ်နဲ့ ဘရောတို့ ၂ ဦးစလုံးရဲ့ သရုပ်ဆောင်စွမ်းရည်ဟာ အံ့မခန်းစရာ ဖြစ်ခဲ့ပြီး သူတို့ရဲ့ အနိုင်မခံမရှုံးမပေး၊ စိတ်ခံစားဖွယ် သရုပ်ဆောင်ဆောင်စွမ်းရည်တွေဟာ ကြည့်ရှုသူတိုင်းရဲ့ ရင်ထဲကို ရောက်ခဲ့ပေမယ့် ဘရောက နည်းနည်းပိုကောင်းနေခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ဟန်းစ်ဝေါ့သ်ကို နည်းနည်းပိုပြီး တည်တည်ငြိမ်ငြိမ် ရင့်ရင့်ကျက်ကျက် မြင်ချင်တဲ့သူတွေအတွက်တော့ အလားအလာရှိတဲ့ စာရေးဆရာနဲ့ ဒါရိုက်တာဖြစ်ပေမယ့်လည်း ပထမဆုံးအခန်းမှာပဲ အပေါ်ဝတ်မပါဘဲ မိန်းမတကာနဲ့ ပွေရှုပ်နေတာကို မြင်ရတာ နည်းနည်းစိတ်ပျက်စရာတော့ ကောင်းပါတယ်။ ဒီလိုပြရတာက ဟန်းစ်ဝေါ့သ်ရဲ့ ကိုယ်ကာယကြံ့ခိုင်မှုနဲ့ နောက်ပိုင်းကာရိုက်တာအတွက် လိုအပ်လို့ ပြသတာဖြစ်ပြီး အရက်စွဲ၊ ဝမ်းနည်းကြေကွဲမှုနဲ့အတူ မှောင်မိုက်တဲ့ကာလကို ဖြတ်သန်းရင်း ကားပြိုင်တာတစ်ခုကလွဲရင် ဘာမှမရှိတော့တဲ့အထိ ဖြစ်သွားပါတယ်။ ဒါကြောင့် ဟန်းစ်ဝေါ့သ်ဟာ ဘဝကို အရှုံးမပေးဘဲ ဘဝသစ်အတွက် စတင်ကြိုးစားလာခဲ့တာက စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး သူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နောက်ရိုက်ကူးမယ့် Hulk Hogan biopic ဇာတ်ကားအတွက် မျှော်မှန်းချက်တွေ တိုးမြင့်စေခဲ့ပါတယ်။

၄။ The Cabin in the Woods (2011)

The Cabin in the Woods (2011)

Photo: The Manual

ဒီဇာတ်ကားက သည်းထိတ်ရင်ဖို ဟာသပရိသတ်တွေအားလုံးအတွက် နှစ်လိုဖွယ် အံ့အားသင့်စရာဇာတ်ကားဖြစ်ပါတယ်။ ကောလိပ်ကျောင်းက သူငယ်ချင်းတစ်စုဟာ တောနက်ကြီးထဲကို အပန်းဖြေခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် သဘာဝလွန်စွမ်းအားတွေရဲ့ တိုက်ခိုက်ခြင်းကို စတင်ခံလာရတဲ့အချိန်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ တစ်စုံတရာဖြစ်လာခဲ့ပါတယ်။ ဒီရုပ်ရှင်ကားအတွက် ဇာတ်ကောင်သရုပ်ဆောင်တွေဟာ အလွန်တော်ပြီး ဟာသပညာရှင်တွေဖြစ်ကြပေမယ့်လည်း သူတို့ရဲ့ ရယ်ရွှင်ဖွယ်သရုပ်ဆောင်မှုတွေကို ဖယ်ထားပြီး သရုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

ဟန်းစ်ဝေ့ါသ်က လူသိများကျော်ကြားတဲ့ ပန်းပွားအကအဖွဲ့ခေါင်းဆောင်နဲ့ ဒိတ်လုပ်နေတဲ့ တကိုယ်ကောင်းဆန်တဲ့ ကောလိပ်အားကစားသမား ကတ်အဖြစ် သရုပ်ဆောင်ထားပြီး အရင်တုန်းကလည်း သူ့ကို ဒီလိုမျိုး ပုံစံနဲ့ မြင်နေကျဖြစ်တာကြောင့် သက်တောင့်သက်သာနဲ့ အောင်မြင်မှုရရှိခဲ့တာ သိသာပါတယ်။ ဟန်းစ်ဝေ့ါသ်ဟာ ဗဟုသုတကြွယ်ဝပြီး လူမှုဗေဒအထူးပြုဘာသာရပ်ကို တတ်မြောက်ထားတဲ့ အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်ကောင်ကတော့ ဇာတ်လမ်းတစ်လျှောက်လုံး လူဆိုးဖြစ်ပြီး သူရဲကောင်းဖြစ်ချင်တဲ့ပုံစံမျိုးပါ။ ဟန်းစ်ဝေါ့သ်က ဒီဇာတ်ကား အစကနေ အဆုံးအထိ သူ့ရဲ့ ဇာတ်ကောင်ထဲမှာ နစ်မြှုပ်ထားပြီး တခြားလူတစ်ယောက်ကို မြင်နေရသလိုမျိုးအထိ ဖြစ်အောင် သရုပ်ဆောင်ပြထားပါတယ်။

၃။ Bad Times at the El Royale (2018)

Bad Times at the El Royale (2018)

Photo: The Manual

ဒီဇာတ်ကားကတော့ ဒါရိုက်တာ၊ စာရေးဆရာ ဒရူး ဂေါ့ဒက်ရဲ့ သွေးစွန်း၊ ဟာသမြောက်ပြီး တခါတလေ စိတ်ရှုပ်ထွေးစရာလည်းကောင်းတဲ့ ထူးခြားဆန်းကြယ်ဇာတ်ကားတစ်ကားပါ။ လုံးဝမသိတဲ့ သူစိမ်း ၇ ယောက်ဟာ နီဗားဒါးနဲ့ ကယ်လီဖိုးနီးယား နယ်စပ်က စွန့်ပစ်ခံထားရပေမယ့် သပ်ရပ်သန့်ရှင်းတဲ့ El Royale ဟိုတယ်မှာ ကိုယ့်အကြောင်းအရင်းနဲ့ကိုယ် တည်းခိုကြပါတယ်။ ဟန်းစ်ဝေါ့သ်ဟာ အဲဒီ လူစိမ်း ၇ ဦးထဲက တစ်ဦးမဟုတ်ပေမယ့်လည်း ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ အခန်းကဏ္ဍကနေ အဓိက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ဇာတ်လမ်းကို ဖော်သလိုမဖြစ်အောင် ပြောရမယ်ဆိုရင် ဟန်းစ်ဝေ့ါသ်ဟာ တခြားလူတွေအားလုံးထဲမှာ ဖက်ရှင်အကျဆုံးလို့သာ ပြောနိုင်တဲ့ နှစ်လိုဖွယ် ဦးဆောင်သူတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး သူ့ရဲ့နောက်လိုက်ပရိသတ်တွေအားလုံးကို ဘာတွေပဲဖြစ်ဖြစ် သူနဲ့အတူ ရှိနေအောင် စည်းရုံးထားပါတယ်။ ဟန်းစ်ဝေါ့သ်ဟာ ပုံမှန်အားဖြင့် ဆွဲဆောင်မှုအားကောင်းသူဖြစ်ပေမယ့်လည်း အပေါ်အကျီၤကြယ်သီးအားလုံး ဖြုတ်ပြီး အမိုက်စားခန္ဓာကိုယ်ကို ပြသရင်း Deep Purple ရဲ့ Hush သီချင်းနဲ့ ကတဲ့အခန်းကတော့ ဒီဇာတ်ကားတစ်ကားလုံးမှာ ဆွဲဆောင်မှုအရှိဆုံးအခန်းလို့ ဆိုရမှာဖြစ်ပါတယ်။

၂။ Star Trek (2009)

Star Trek (2009)

Photo: The Manual

ဒီဇာတ်ကားကတော့ အစကနေ အဆုံးအထိ လုံးဝကို မျက်တောင်မခတ်တမ်း ကြည့်ရှုရတဲ့ဇာတ်ကားဖြစ်ပြီး ဇာတ်ကားအစမှာ အကြောက်အလန့်မရှိတဲ့ ကပ္ပတိန် ဂျိမ်းစ် တီကတ် ဦးဆောင်တဲ့ Starship လုပ်ငန်းနဲ့ အဖွဲ့သားတွေကို မြင်တွေ့ရမှာဖြစ်ပြီး Borg ကုဗတုံးကနေ ထွက်ပေါ်လာတဲ့ အာကာသယာဉ်ပျံတွေကို ရွေ့လျားစေနိုင်တဲ့ စွမ်းအင်ရောင်ခြည်နဲ့ပတ်သက်ပြီး သရုပ်ဆောင်ချက်နဲ့ ဇာတ်လမ်းထဲမှာ ပရိသတ်တွေဟာ အစကနေ အဆုံးအထိ ဇာတ်လမ်းထဲမှာ စီးမြောသွားမှာပါ။

ဟန်းစ်ဝေါ့သ်ဟာ ကိုယ့်ကိုကိုယ် စတေးပြီး ကပ္ပတိန်တစ်ယောက် လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးအရာတွေကို လုပ်ဆောင်နေတဲ့ ကတ်ရဲ့ ဂုဏ်ယူလေးစားဖွယ် ဖခင်အဖြစ် သရုပ်ဆောင်ထားပြီး သူ ပါဝင်ရတဲ့အခန်းက နည်းပေမယ့်လည်း သူ့ရဲ့ စိတ်ခံစားဖွယ်သရုပ်ဆောင်ချက်ဟာ ကြည့်ရှုသူတွေနဲ့ ချက်ချင်း ချိတ်ဆက်နိုင်ခဲ့ပါတယ်။ ဟန်းစ်ဝေါ့သ် ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားတာက ဘယ်လိုအခန်းမျိုးမှာဆို သရုပ်ဆောင်နိုင်တယ်ဆိုတာကို စကားတွေအများကြီး မပြောဘဲ ပြသထားတာလို့ ဆိုရမှာပါ။

၁။ Ghostbusters (2016)

Ghostbusters (2016)

Photo: The Manual

Ghostbusters ဇာတ်ကားမှာ ဟန်းစ်ဝေါ့သ်ကလွဲပြီး ကျန်တဲ့သရုပ်ဆောင်အားလုံး ထူးထူးဆန်းဆန်း အမျိုးသမီးတွေချည်း ဖြစ်နေပြီး နယူးယောက်စီးတီးမှာ အမဲလိုက်နေတဲ့ မကောင်းဆိုးဝါးကို တိုက်ခိုက်ဖို့အတွက် သဘာဝလွန်ကိစ္စတွေကို လေ့လာဆန်းစစ်သူတွေနဲ့ ရူပဗေဒပညာရှင်တွေက အဖွဲ့တစ်ခုဖွဲ့ပြီး သရဲရှိကြောင်း သက်သေပြဖို့ ကြိုးစားကြတာဖြစ်ပါတယ်။ ဟာသသရုပ်ဆောင်တွေဖြစ်တဲ့ Kristen Wiig, Melissa McCarthy, Leslie Jones ၊နာမည်သိပ်မကြီးသေးတဲ့ Kate McKinnon တို့နဲ့အတူ ခရစ္စ ဟန်းစ်ဝေ့ါသ်က ဇာတ်လမ်းတစ်ခုလုံးကို တစ်ပေါင်းတစ်စည်းတည်းဖြစ်သွားအောင် ဗူးပေါ်က ဖဲကြိုးလိုမျိုးသာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒီကားမှာ အဓိကဇာတ်ဆောင်မဟုတ်ပေမယ့်လည်း ဟန်းစ်ဝေါ့သ်ဟာ ဆက်ဆီကျပြီး ကြောင်တောင်တောင်နိုင်တဲ့ လုံခြုံရေးအမျိုးသားတစ်ယောက်လို သရုပ်ဆောင်ထားတာပါ။ ဟာသမြောက်တဲ့ ချိန်သားကိုက်မှုနဲ့ စဉ်းစားဉာဏ်မရှိမှုတို့က ကလိထိုးရယ်ရတာမဟုတ်ဘဲ သဘာဝကျကျ ရယ်မောအောင် သရုပ်ဆောင်ထားပါတယ်။ ဒီကားထဲက အရယ်ရဆုံးအခန်းကတော့ ၁၀၀ ရာခိုင်နှုန်း ကြိုတင်ပြင်ဆင်မှုမရှိဘဲ လုံခြုံရေးအလုပ်အတွက် အင်တာဗျူးလာဖြေတဲ့ အခန်းဖြစ်ပြီး ကြည့်ရှုသူတွေအားလုံးအတွက် ဟန်းစ်ဝေ့ါသ် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ သိချင်လာအောင် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Featured Photo: variety