နှစ်သစ်ကူးရုံးပိတ်ရက်တွေကို ရုပ်ရှင်တွေတဝကြီးကြည့်ရင်း ဖြတ်သန်းမယ်လို့စဉ်းစားထားသူတွေ တော်တော်များများရှိကြမယ်ထင်ပါတယ်။ ဒီနှစ်ထဲမှာ ရုပ်ရှင်ရုံတွေ ပိတ်ထားပေမယ့်လည်း အိမ်မှာပဲရုပ်ရှင်ကြည့်ရင်း အားလပ်ရက်ကိုအကောင်းဆုံး ဖြတ်သန်းဖို့ တွေးထားသူတွေအတွက် အတိုက်အခိုက်/ အပစ်အခတ်တွေနဲ့ ၂၀၂၁ ခုနှစ်ထဲမှာ ထွက်ရှိထားတဲ့ အမိုက်စား အက်ရှင်ဇာတ်ကားကြမ်းကြမ်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။
(၁) Wrath of Man

Photo : NBC News
ဒီဇာတ်ကားကတော့ အက်ရှင်ဆို အထူးပြောမလိုတဲ့ မင်းသား Jason Statham ပါဝင်သရုပ်ထားတဲ့ ခပ်ကြမ်းကြမ်း ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ လောင်းကစား ရုံတွေအတွက် ငွေသယ်ပေးရတဲ့ ထရပ်ကားတစ်စီး ဓားမြတိုက်ခံရပြီးနောက် သေဆုံးသွားတဲ့အစောင့်တွေနေရာမှာ အစားဝင်လာတဲ့ လုံခြုံရေးအစောင့်အသစ် ဇာတ်လိုက်ကျော်ကြီးနဲ့ ဓားမြတွေ တဖန်ဘယ်လို ကြမ်းကြမ်းတမ်းတမ်း ဖိုက်ကြအုန်းမလဲဆိုတာ Wrath of Man ရုပ်ရှင်ဇာတ်ကားမှာ ကြည့်ရှုခံစားလိုက်ပါ။
(၂) Jungle Cruise

Photo : NBC News
မင်းသားကြီး Dwayne Johnson နဲ့ မင်းသမီးချော Emily Blunt တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Jungle Cruise ဇာတ်ကားကတော့ အက်ရှင်သီးသန့်ဆိုတာထက် စွန့်စားခန်းတွေ ၊ ဟာသတွေပါ ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ သင်္ဘောမာလိန်မှူး Frank နဲ့ Dr. Lily Houghton တို့အဖွဲ့ဟာ ဆေးပညာရဲ့ အနာဂတ်ကို ပြောင်းလဲပစ်နိုင်မယ့် ထူးဆန်းတဲ့ ရှေးဟောင်းသစ်ပင်ကြီးကို ရှာဖွေဖို့ အမေဇုန်တောထဲ ခရီးနှင်ခဲ့ကြပါတယ်။ သစ်ပင်ကြီးကိုရှာဖွေရင်း တောတွင်းမှာကြုံတွေ့ရမယ့် အန္တရာယ်တွေကို ဘယ်လိုစွန့်စွန့်စားစား ကျော်ဖြတ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာဖြစ်ပါတယ်။
(၃) Sentinelle

Photo : Netflix
ယူကရိန်း-ပြင်သစ်အစပ် မင်းသမီးချောလေး Olga Kurylenko ပါဝင်သရုပ်ဆောင်ထားတဲ့ အကြမ်းစား အလန်းစား အက်ရှင်ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ ပြင်သစ်အထူးတပ်သား Klara တစ်ယောက် ဆီးရီးယားစစ်ဆင်ရေးမှာ စိတ်ဒဏ်ရာရစရာ အဖြစ်အပျက်တစ်ခုနဲ့ ကြုံခဲ့ရပြီးနောက် မွေးရပ်မြေသို့ ပြန်ရောက်လာချိန် ပါတီတစ်ခုမှာ Klara ရဲ့ ညီမဖြစ်သူအဓမ္မပြုကျင့်ခံရမှုနဲ့ ထပ်မံကြုံတွေ့ခဲ့ရပြီး သေဆုံးလုနီးပါးဖြစ်ခဲ့ရတဲ့ ညီမအတွက် အသေအကြေ လက်စားပြန်ချေမယ့် ခပ်ကြမ်းကြမ်းအက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
(၄) Copshop

Photo : The Hollywood Reporter
Gerard Butler နဲ့ Frank Grillo တို့လို အက်ရှင်မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Copshop ဇာတ်ကားကတော့ တကယ့်ကို အက်ရှင်ကြမ်းကြမ်းကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ကြေးစားလူသတ်သမား Viddick အပါအဝင် တခြားသောကြေးစားတွေရဲ့ သဲကြီးမဲကြီး လိုက်ခံနေရတဲ့ Teddy Murretto တစ်ယောက် သေဘေးကလွတ်မြောက်ဖို့ မြို့နယ်ရဲစခန်းတစ်ခုမှာ ရွီးရွှောင်အကွက်တွေနင်းပြီး အဖမ်းခံခဲ့ပေမယ့် အနံခံကောင်းတဲ့ ကြေးစားတွေက Teddy ရှိရာကိုလိုက်လာခဲ့ကြပါတော့တယ်။ Teddy တစ်ယောက်ကြေးစားတွေရန်ကလွတ်နိုင်မလား ၊ ဘာကြောင့်ကြေးစားလူသတ်သမားတွေက သဲသဲမဲမဲလိုက်နေတာလဲဆိုတာတော့ Copshop ဇာတ်ကားလေးထဲမှာ ကြည့်ရှု့ခံစားလိုက်ပါ။
Featured Photo : HeyUGuys
