ကွီးတို့ရေ….အခုအချိန်က မိန်းကလေးတွေက ပိန်ချင်ပြီး ကျွန်တော်တို့လို ယောက်ျားလေးတွေကျတော့ ပိန်တာအပြင် ကြွက်သားတွေပြည့်နေတာကို လိုချင်ကြတဲ့ ခေတ်ကြီးကိုရောက်နေပါတယ်နော်။ သူများတွေလောက်မဝဘဲ ပိန်သော်ငြားလည်း ခန္ဓာကိုယ်က ပြားချပ်ချပ်ဖြစ်နေလို့ စိတ်ညစ်နေပါသလား။

Gym သွားဖို့ကျတော့လည်း အချိန်မတတ်နိုင်၊ ပိုက်ဆံများတယ်လို့ ထင်တဲ့ကွီးများအတွက် အချိန်ကုန်ငွေကုန်သက်သာပြီး ကိုယ့်အိမ်မှာပဲလွယ်လွယ်ပြုလုပ်နိုင်မယ့် လေ့ကျင့်ခန်းသုံးမျိုးကို ဖော်ပြပေးချင်ပါတယ်။

ကိုယ်ကရလဒ်ကောင်းတွေကို မြန်မြန်မြင်ချင်တယ်ဆိုရင်တော့ အပျင်းမကြီးဘဲနဲ့ မှန်မှန်လုပ်ပေးဖို့တော့လိုမယ်နော်။ ကဲ…ဒါဆိုရင် ဘယ်လိုလေ့ကျင့်ခန်းလေးတွေလည်းဆိုတာ အခုပဲဖော်ပြပေးလိုက်ရပါတယ်။

ဒိုက်ထိုးလေ့ကျင့်ခန်း

ရင်ဘတ်၊ ပုခုံးနဲ့ ပေါင်ရင်းကြွက်သားတွေကို အားဖြစ်စေလာမယ့် လေ့ကျင့်ခန်းတစ်ခုပါ။ ဒီလိုမျိုး ကိုယ့်ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြွက်သားတွေဖြစ်စေမယ့် ဒိုက်ထိုးလေ့ကျင့်ခန်းမှာလည်း အမျိုးမျိုးရှိတဲ့အတွက်ကြောင့် အခုဖော်ပြပေးထားတဲ့ ဗွီဒီယိုလေးကို သေချာကြည့်ပြီး ဘယ်လိုမျိုးတွေပြုလုပ်နိုင်သေးလဲဆိုတာ လေ့လာလိုက်ပါ။

Squat လေ့ကျင့်ခန်း

ခန္ဓာကိုယ်အောက်ပိုင်းဖြစ်တဲ့ ပေါင်ရင်း၊ ခြေသလုံးတို့မှာ အားဖြစ်စေပြီး ကြွက်သားတွေဖြစ်တည်လာစေမယ့် လေ့ကျင့်ခန်းတစ်ခုပါ။ ထိုင်ထပုံစံကိုမှ အပြည့်မထိုင်ရတဲ့ လေ့ကျင့်ခန်းဖြစ်ပြီး အခြားအကူကိရိယာတစ်ခုမှမသုံးဘဲ ကိုယ်ခန္ဓာကိုသာအသားပြုပြီး နေ့စဉ်လုပ်ပေးမယ်ဆိုရင်တော့ ရက်တွေကြာလာတဲ့အခါ အခက်အခဲရှိတော့မှာမဟုတ်ပါဘူး။

Plank

နောက်ထပ်လေ့ကျင့်ခန်းတစ်ခုကတော့ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးတွေပဲဖြစ်ဖြစ် ပြုလုပ်နိုင်တဲ့ Plank လေ့ကျင့်ခန်းပါပဲ။ Plank လေ့ကျင့်ခန်းဟာဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို အလုပ်လုပ်စေပြီး တင်းရင်းစေတာကြောင့် အလွန်ကိုထိရောက်မှုရှိတဲ့ လေ့ကျင့်ခန်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ကဲ…အခုဖော်ပြပေးခဲ့တဲ့ လေ့ကျင့်ခန်းလေးတွေကတော့ အချိန်အကုန်ခံပြီး Gym သီးသန့်သွားဆော့စရာမလိုဘဲ အိမ်မှာပဲလွယ်လွယ်လုပ်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေဖြစ်လို့ မပျက်မကွက်ဘဲ ပြုလုပ်ပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Credit: www.telegraph.co.uk